Keen Gaming ရဲ့ နည်းပြရာထူးနဲ့အတူ Dota 2 လောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့တဲ့ 71

Tang “71” Wenyi ဆိုတာကတော့ Dota 2 လောကရဲ့ နည်းပြတွေ အထဲမှာ အများနဲ့မတူ တစ်မူထူးခြားတဲ့ နည်းပြတစ်ဦးပဲ ဖြစ်ပါတယ်။ 71 အနေနဲ့ Dota 2 နည်းပြအဖြစ် အသင်းပေါင်းများစွာကို အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ကိုယ်တိုင်ကတော့ Dota 2 ကို ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း ပြိုင်ဘက်အသင်းများရဲ့ အားနည်းချက်၊ အားသာချက်တွေကို ရှာဖွေရာမှာ၊ Update အသစ်ထွက်လာတာနဲ့ အဆိုပါ Update နဲ့ လိုက်လျောညီထွေရှိမယ့် Playstyle တစ်ခုကို ဖန်တီးရာမှာ သူမတူအောင် ကျွမ်းကျင်တာကြောင့် နည်းပြကြီး 71 အနေနဲ့ Dota 2 လောကရဲ့ လူရိုသေရှင်ရိုသေ ပုဂ္ဂိုလ်ကြီး တစ်ဦးအနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

71 အနေနဲ့ Mineski Dota 2 အသင်းကို 2017-2018 DPC ရာသီမှာ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် 2018-2019 DPC ရာသီမှာ Mineski Dota 2 အသင်း ကျရှုံးခြင်းနဲ့အတူ 71 တစ်ယောက် Dota 2 လောကကနေ ကွယ်ပျောက်လို့ သွားခဲ့ပါတယ်။

မကြာသေးခင် အချိန်က တရုတ်နိုင်ငံ အခြေစိုက် Dota 2 အသင်း Keen Gaming ရဲ့ နည်းပြဖြစ်သူ Zhang “LaNm” Zhicheng တစ်ယောက် Team Sirius ကို ပြောင်းရွေ့သွားခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာနဲ့အညီ ယခုအခါမှာတော့ လစ်လပ်သွားတဲ့ Keen Gaming ရဲ့ နည်းပြရာထူးအတွက် 71 ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

71 ကို ခန့်အပ်လိုက်နိုင်ခြင်းက Keen Gaming Dota 2 အသင်းအတွက် များစွာသော အထောက်အကူတွေကို ရရှိစေမယ်လို့ ယုံကြည်ကြောင်း၊ 71 ရဲ့ အတွေ့အကြုံတွေနဲ့အတူ Keen Gaming Dota 2 အသင်း အနေနဲ့ အောင်မြင်တဲ့ Dota 2 အသင်းဖြစ် ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ကြောင်း Keen Gaming ဘက်ကတော့ ကိုယ်ပိုင် Weibo စာမျက်နှာကနေ တစ်ဆင့် ကြေငြာသွားခဲ့ပါတယ်။

2019-2020 DPC ရာသီမှာ Keen Gaming အနေနဲ့ Major/ Minor လက်ရည်စစ်ပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့တာကြောင့် နည်းပြကြီး 71 ရဲ့ စွမ်းဆောင်ရည်တွေနဲ့အတူ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာ အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Keen Gaming Dota 2 အသင်းရဲ့ လက်ရှိကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Lim “Kamma” Chang – Pos 1
  • Zhai “-” Jingkai – Pos 2
  • Song “Dark” Runxi – Pos 3
  • Zhuang “Xiaofu” Yongfu – Pos 4
  • Jiang “天命” An – Pos 5
  • Tang “71” Wenyi – Coach

REF: VpEsports