Apex Legends မိုဘိုင်းဂိမ်းကို ၂၀၂၀ နှစ်မကုန်ခင်မှာ ထုတ်လွှင့်ပေးသွားမည်

Electronic Arts (EA) ရဲ့ CEO ဖြစ်သူ Andrew Wilson ကတော့ ကုမ္ပဏီရဲ့ နာမည်ကျော် Battle Royale ဂိမ်းဖြစ်တဲ့ Apex Legends ကို ၂၀၂၀ နှစ်မကုန်ခင်မှာ မိုဘိုင်းဖုန်းတွေမှာ ကစားနိုင်ရန် အတွက်ပါ ထုတ်လွှင့်ပေးသွားမှာဖြစ်ကြောင်း အတည်ပြု ပေးခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Apex Legends ကို Xbox, PC နဲ့ PlayStation တို့မှာသာ ကစားနိုင်မှာ ဖြစ်ပေမယ့် EA အနေနဲ့ တစ်နေ့ထက် တစ်နေ့ လူကြိုက် ပိုမို များပြားလာလျက်ရှိတဲ့ Mobile Gaming လောကကိုပါ ထိုးဖောက် ဝင်ရောက်နိုင်ဖို့ အတွက် Apex Legends မိုဘိုင်းဂိမ်းကို ထုတ်လွှင့်ပေးသွားဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်၊ အစောပိုင်း ကာလမှာ EA ဘက်မှ ထုတ်ပြန် ကြေညာချက်များအရ Apex Legends ကို ဖန်တီး ရေးဆွဲခဲ့တဲ့ Respawn Entertainment အနေနဲ့ Nintendo Switch, iOS နဲ့ Android တို့မှာပါ ကစားနိုင်ဖို့ ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Battle Royale အမျိုးအစား မိုဘိုင်းဂိမ်းတွေဖြစ်တဲ့ Fortnite, PUBG Mobile, Call of Duty Mobile တို့ အနေနဲ့ ပရိသတ် အခိုင်အမာဖြင့် ရပ်တည်လျက် ရှိနေပြီ ဖြစ်တာကြောင့် EA အနေနဲ့ Apex Legends မိုဘိုင်းဂိမ်းနဲ့ အတူ Battle Royale အမျိုးအစား Mobile Game ချစ်ပရိသတ်တွေရဲ့ နှလုံးသား အထဲမှာ နေရာ ယူသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: GsmArena