CSGO လောကထဲ ပြန်လည် ဝင်ရောက်လာခဲ့တဲ့ Esports အဖွဲ့အစည်း ATK

ATK ဆိုတာကတော့ တောင်အာဖရိက အခြေစိုက် Esports အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။ ATK အနေနဲ့ CSGO လောကထဲကို ၂၀၁၉ ခုနှစ် ဧပြီလမှာ စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ကစားသမားတွေရဲ့ ထူးချွန်မှု၊ အဖွဲ့အစည်းရဲ့ အထောက်အပံ့ ပေးစွမ်းနိုင်မှုတွေကြောင့် A-Tier, B-Tier အဆင့် ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို S-Tier အဆင့် ပြိုင်ပွဲတွေမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

အခုလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် ATK CSGO အသင်းသားတွေကို နာမည်ကျော် CSGO အသင်း Cloud 9 က ၂၀၂၀ ခုနှစ် ဇန်နဝါလမှာ ခေါ်ယူသွားခဲ့ပါတယ်။ ကစားသမား လက်မဲ့ ဖြစ်သွားခဲ့တဲ့ ATK CSGO အသင်း အနေနဲ့ CSGO လောကထဲက ခေတ္တ ပျောက်ကွယ်သွားခဲ့ပေမယ့် ယခုအခါမှာတော့ ကစားသမား အသစ်တွေနဲ့အတူ ATK CSGO အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ATK CSGO အသင်းမှာ တောင်အာဖရိက နိုင်ငံသားတွေဖြစ်တဲ့ Rieghardt “flexeeee” Romatzki, Gareth “MisteM” Ries, Josh “bLazE” Saunders, Rhys “Fadey” Armstrong စတဲ့ ကစားသမားတွေ ပါဝင်လာခဲ့သလို Cloud 9 CSGO အသင်းရဲ့ အရံကစားသမားလည်းဖြစ်၊ Streamer လည်းဖြစ်တဲ့ Tyson “TenZ” Ngo လည်း ပါဝင်လို့ လာခဲ့ပါတယ်။

TenZ

Flexeeee, MisteM, bLaze တို့ အနေနဲ့ တောင်အာဖရိက အခြေစိုက် CSGO အသင်းတွေဖြစ်တဲ့ Sinister5, Energy Esports, Big 5 Esports စတဲ့ CSGO အသင်းတွေမှာ ဝင်ရောက် ကစားခဲ့ဖူးသလို Fadey ဆိုတာကလည်း ATK CSGO အသင်းမှာ အစားထိုး ကစားသမား အဖြစ် မကြာခဏ ဝင်ရောက် ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ TenZ ဆိုတာကတော့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား ကစားသမား တစ်ဦးဖြစ်သလို အတွေ့အကြုံပေါင်း များစွာကို ပိုင်ဆိုင်ထားတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

Fadey

ATK CSGO အသင်း အနေနဲ့ Flexeeee, MisteM, bLaze တို့ကို အမြဲတမ်း ကစားသမား အဖြစ် ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း TenZ နဲ့ Fadey တို့ကိုတော့ Stand-In ကစားသမားတွေ အဖြစ်သာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ATK CSGO အသင်း အနေနဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ကျင်းပသွားမယ့် Asia Minor လက်ရည်စစ်ပွဲတွေ စတင် လေ့ကျင့်နေပြီ ဖြစ်တာကြောင့် ATK Esports အဖွဲ့အစည်း အနေနဲ့ ယခင် အချိန်တွေတုန်းကလို အောင်မြင်တဲ့ ကစားသမားသစ်တွေကို ထပ်မံ မွေးထုတ်ပေးနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Flexeeee

ATK CSGO အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Rieghardt “flexeeee” Romatzki
  • Gareth “MisteM” Ries
  • Josh “bLazE” Saunders
  • Rhys “Fadey” Armstrong (Stand-In)
  • Tyson “TenZ” Ngo (Stand-In)
  • Daniel “sprayxd” Kogan (Coach)

REF: VpEsports