Google ရဲ့ ၂၀၁၉ ခုနှစ်အတွက် တီထွင်ဆန်းသစ်မှု အရှိဆုံး မိုဘိုင်းဂိမ်းဆုကို ရရှိခဲ့တဲ့ Auto Chess

Auto Chess Game ကို တရုတ်နိုင်ငံ အခြေစိုက် ဂိမ်းမင်းစတူဒီယို တစ်ခုဖြစ်တဲ့ Drodostudio က ၂၀၁၉ ခုနှစ် အစောပိုင်းကာလမှာ Dota 2 အတွင်းမှ Arcade Game တစ်ခုအဖြစ် စတင် မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ စတင် မိတ်ဆက်ပေးစဥ် အချိန်က စတင်ပြီး ပရိသတ် အများစုရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပြီး Dota Auto Chess Arcade Mode ကို ကစားသူဦးရေ (၈) သန်းကျော်အထိ မြင့်တက်လို့ လာခဲ့ပါတယ်။

အခုလို Dota Auto Chess ဂိမ်း အောင်မြင်လာခြင်းကြောင့် Valve အနေနဲ့ Artifact မှာ ကျရှုံးခဲ့သမျှကို သိက္ခာပြန်ဆယ်ရန် အတွက် ကိုယ်ပိုင် Auto Chess ဂိမ်းဖြစ်လာမယ့် Dota Underlords ကို မကြာမီ အချိန်အတွင်း မိတ်ဆက်သွားမှာဖြစ်တဲ့ အကြောင်းကို တရားဝင် အတည်ပြုပေးခဲ့ပါတယ်။

Dota Underlords

Auto Chess အနေနဲ့ Dota 2 Arcade Game အဖြစ်မှာတောင် အလွန်အကျွံ အောင်မြင်လာခဲ့တာကြောင့် Game ထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Blizzard နဲ့ Riot Games တို့အနေနဲ့ ကိုယ်ပိုင် Auto Chess ဂိမ်းတွေဖြစ်တဲ့ Hearthstone Battlegrounds (Blizzard)၊ Teamfight Tactics (LoL) စတဲ့ Auto Chess အမျိုးအစား ဂိမ်းတွေကို ထုတ်လုပ်လို့ လာခဲ့ကြပါတယ်။

Hearthstone Battlegrounds

Valve အနေနဲ့လည်း ကိုယ်ပိုင် Auto Chess ဂိမ်း Underlords ကို ထုတ်လုပ်ဖို့ အတွက် ဆုံးဖြတ်လိုက်ပြီ ဖြစ်တာကြောင့် Drodostudio အနေနဲ့ ၎င်းတို့ရဲ့ Auto Chess ဂိမ်းကို Mobile Platform မှာ ပြောင်း‌ရွေ့ အခြေချဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Auto Chess Mobile ဂိမ်းကို Drodostudio အနေနဲ့ အခြားသော Mobile Game ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Dragonest နဲ့အတူ ပူးပေါင်း ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Team Fight Tactics

Auto Chess ကို Mobile Platform မှာ ပြောင်းရွေ့ အခြေချခဲ့ပေမယ့် အောင်မြင်မှုက ဆုတ်ယူသွားခြင်း မရှိတဲ့အပြင် လက်ရှိအချိန်မှာ ကစားသမားဦးရေ သန်း (၁၀၀) ပြည့်သွားတဲ့အထိ ကစားသူဦးရေ တိုးပွားလို့ လာခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာ Google Play ရဲ့ ထုတ်ပြန်ကြေငြာချက်များအရ ၂၀၁၉ ခုနှစ်အတွက် တီထွင်ဆန်းသစ်မှု အရှိဆုံး မိုဘိုင်းဂိမ်းဆုကို Dragonest နဲ့ Drodostudio တို့ ပူးပေါင်း ဖန်တီးခဲ့တဲ့ Auto Chess မိုဘိုင်းဂိမ်း အနေနဲ့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုလို Google Play 2019 Game Award ကို ရရှိခဲ့တာနဲ့ ပတ်သတ်ပြီး Drodostudio အနေနဲ့ အခုလို ထုတ်ပြန် ကြေငြာသွားခဲ့ပါတယ်။

“ကျွန်တော်တို့ ဂိမ်းကို ၂၀၁၉ ခုနှစ်ရဲ့ တီထွင်ဆန်းသစ်မှု အရှိဆုံး မိုဘိုင်းဂိမ်းအဖြစ် ရွေးချယ်ရန် နောက်ဆုံး စကာတင် အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်တဲ့ အကြောင်းကို သိရှိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်တို့ အားလုံးရဲ့ ရင်ဘတ်ထဲမှာတောင် စိတ်လှုပ်ရှားမှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လို့ နေခဲ့ပါတယ်။ အခုလို အဖွဲ့အစည်းကြီး တစ်ခုရဲ့ ဆုချီးမြှင့်ခြင်းကို ခံယူရဖို့ဆိုတာ Game Developer တိုင်းရဲ့ ရည်မှန်းချက် တစ်ခုပဲ ဖြစ်ပါတယ်။

Auto Chess

ကျွန်တော်တို့ စတူဒီယိုကို စတင်ခဲ့စဥ် အချိန်မှာ ပရိသတ်တွေရဲ့ စိတ်နှလုံးသားကို ချမ်းမြေ့စေမယ့် ဂိမ်းအမျိုးအစားတွေကို ထုတ်လုပ်နိုင်ဖို့ အတွက် မျှော်လင့်ခဲ့ကြပါတယ်။ အခုဆိုရင်တော့ မျှော်လင့်ထားတဲ့အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ Auto Chess မိုဘိုင်းဂိမ်းမှာ လက်ရှိအချိန်ထိ လိုအပ်ချက်တွေ ရှိနေသေးပေမယ့်လည်း သည်းခံပြီး ကစားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း အထူးပဲ ကျေးဇူးတင်မိပါတယ်။ Google Play Store ကိုလည်း အခုလို ဆုတံဆိပ် ချီးမြှင့်ပေးတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။

ချစ်လှစွာသော ပရိသတ်များ အားလုံးကိုလည်း ကျွန်တော်တို့ အနေနဲ့ ဆက်လက်ပြီး ကြိုးစားသွားမှာဖြစ်ကြောင်း ဒီနေရာကနေ အသိပေးလိုက်ချင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုသာ မရှိခဲ့ရင် ကျွန်တော်တို့ အနေနဲ့ အခုလို အောင်မြင်တဲ့ Auto Chess မိုဘိုင်းဂိမ်းကို ထုတ်လုပ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ အခုလို အားပေးခဲ့တဲ့အတွက် ပရိသတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။”

REF: VpEsports