PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲသွားခဲ့တဲ့ Bigetron RA

PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီးကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်၊ Putra World Trade Centre မှာ နိုဝင်ဘာလ ၂၃ ရက်နေ့ကနေ ဒီဇင်ဘာလ ၁ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ အဆိုပါ ပြိုင်ပွဲကြီးမှာ နိုင်ငံတကာမှ ပရိုဖက်ရှင်နယ် PUBG Mobile အသင်းပေါင်း ၁၆ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၅ သိန်း ချီးမြှင့်ခဲ့ပါတယ်။

ယခုအခါမှာ PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပလို့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တာနဲ့အညီ အနိုင်ရ ဗိုလ်စွဲခဲ့တဲ့ အသင်းလည်း ထွက်ပေါ်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီးမှာ အနိုင်ရ ဗိုလ်စွဲသွားခဲ့တဲ့ အသင်းကတော့ အင်ဒိုနီးရှားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် PUBG Mobile အသင်း Bigetron RA အသင်းပဲ ဖြစ်ပါတယ်။

Bigetron RA အသင်း အနေနဲ့ PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိဖို့ အတွက် လက်ရည်စစ်ပွဲပေါင်း များစွာကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

Bigetron RA အသင်း အနေနဲ့ PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီး ပြီးဆုံးဖို့ အတွက် တစ်ရက်ခန့် အလိုမှာပင် ဒုတိယနေရာက အသင်းကို ၈၃ မှတ်ခန့် အမှတ်ဖြတ်နိုင်ခဲ့ပြီး Chicken Dinner ၄ ကြိမ်တိတိ အရယူနိုင်ခဲ့တာကြောင့် ပြိုင်ပွဲမပြီးဆုံးခင် အချိန်မှာပဲ ပထမဆုကို သိမ်းပိုက်နိုင်ဖို့ အတွက် သေချာသလောက် ရှိသွားခဲ့တာ ဖြစ်ပါတယ်။

PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီးရဲ့ ပထမဆုကို Bigetron RA အသင်း အနေနဲ့ ရမှတ်ပေါင်း (၃၀၃) မှတ်ဖြင့် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယဆုကို စွတ်ခူးနိုင်ခဲ့တဲ့ Top Esports PUBG Mobile အသင်းကို ရမှတ်ပေါင်း (၁၀၀) ကျော် အမှတ်ဖြတ်ကာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

အခုလို PMCO Open 2019 – Fall Split Global Finals ပြိုင်ပွဲကြီးမှာ ပထမဆုကို စွတ်ခူးနိုင်ခဲ့တာကြောင့် ဆုကြေးငွေ ဒေါ်လာ ၁ သိန်း ၈ သောင်းကို သိမ်းပိုက်နိုင်ခဲ့တဲ့ အပြင် ပြိုင်ပွဲတစ်လျှောက် Chicken Dinner ၅ ကြိမ်တိုင်တိုင် ရရှိခဲ့တဲ့ အတွက် အပိုဆုကြေးငွေ ဒေါ်လာ ၂ သောင်းခွဲကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် Bigetron RA အသင်းရဲ့ ကစားသမားဖြစ်သူ Zuxxy အနေနဲ့လည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Zuxxy

Bigetron RA PUBG Mobile အသင်းရဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Made Bagus “Luxxy” Prabaswara
  • Muhammad “Ryzen” Albi
  • Nizar “MiCROBOY” Lugatio
  • Mad Bagas “Zuxxy” Pramudita

REF: OneEsports