နာမည်ကျော် ကစားသမားတွေနဲ့ ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Dota 2 အသင်း T1

LoL လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လျက်ရှိတဲ့ T1 Esports အဖွဲ့အစည်း အနေနဲ့ 2019-2020 DPC ရာသီမှာ ပထမဆုံး အကြိမ်အဖြစ် Dota 2 လောကထဲကို စတင် ဝင်ရောက်လို့ လာခဲ့ပါတယ်။ LoL လောကမှာ နာမည်ကျော် ကစားသမားတွေနဲ့ T1 LoL အသင်းကို ဖွဲ့စည်းခဲ့ပေမယ့်လည်း Dota 2 အသင်းမှာတော့ ကိုရီးယားနိုင်ငံသား နာမည်ကျော် ကစားသမား Forev တစ်ဦးသာ ပါဝင်ခဲ့ပြီး လူသိထင်ရှား သိပ်မရှိတဲ့ ကစားသမားတွေနဲ့သာ T1 Dota 2 အသင်းကို ဖွဲ့စည်းခဲ့ပါတယ်။

Forev

T1 Dota 2 အသင်းရဲ့ ကစားသမား အများစုဟာ Tier 2 အဆင့်သာရှိတဲ့ ကစားသမားတွေ ဖြစ်တာနဲ့အညီ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major/ Minor လက်ရည်စစ်ပွဲ၊ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို SEA ဒေသတွင်း ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒါကြောင့်လည်း T1 Esports အဖွဲ့အစည်း အနေနဲ့ အခုလို နာမည်ကျော် ကစားသမားတွေနဲ့ Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ ပုံပါပဲ။ အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ T1 Dota 2 အသင်းမှာ Dota 2 လောကရဲ့ ဝါရင့် Carry ကစားသမား တစ်ဦးဖြစ်တဲ့ ဂျာမနီနိုင်ငံသား Dominik “Black” Reitmeir ပါဝင်လာခဲ့သလို ယခင် အချိန်တုန်းက အရှေ့တောင်အာရှရဲ့ အကောင်းဆုံး Mid/ Carry ကစားသမားတွေ အထဲမှာ တစ်ဦး အပါအဝင် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ InYourDream လည်း ပြန်လည် ပါဝင်လို့ လာခဲ့ပါတယ်။

Black

Black အနေနဲ့ လက်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာကြောင့် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကနေ အချိန်ကာလ ကြာမြင့်စွာ ထွက်ခွာသွားခဲ့တာဖြစ်ပြီး ယခုအခါမှသာ Dota 2 လောကထဲကို ကစားသမား အဖြစ် ပြန်လည် ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။ T1 Dota 2 အသင်းရဲ့ Offlane နေရာမှာသာ အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ Forev ကသာ ဆက်လက် တာဝန်ယူသွားမှာဖြစ်ပြီး Support Duo အဖြစ် Demon Slayer အသင်းရဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ Yixaun “Xuan” Guo နဲ့ PG. Barracx Dota 2 အသင်းရဲ့ Tri “Jhocam” Kuncoro တို့က တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

InYourDream

အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ T1 Dota 2 အသင်းမှာ ပရိသတ်တွေနဲ့ ရင်းနှီးခြင်းမရှိသေးတဲ့ ကစားသမားဆိုလို့ Xuan တစ်ဦးသာ ပါဝင်ပေမယ့် Xuan အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကထဲကို ၂၀၁၄ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့တာဖြစ်သလို အသင်းပေါင်း များစွာမှာ Support Role တစ်ခုတည်းကိုသာ စွဲစွဲမြဲမြဲ ကစားခဲ့သူ တစ်ဦးဖြစ်တာကြောင့် Xuan ရဲ့ အတွေ့အကြုံတွေက T1 Dota 2 အသင်းအတွက် အကျိုးဖြစ်စေမယ်လို့ ထင်မြင်မိပါတယ်။

T1 Dota 2 အသင်း အနေနဲ့ မကြာခင် အချိန်မှာ ကျင်းပသွားမယ့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲတွေ အတွက် ကြိုတင် ပြင်ဆင်နေပြီ ဖြစ်တာကြောင့် ပရိသတ် အချစ်တော် ကစားသမားတွေ ဖြစ်ကြတဲ့ Black, Forev တို့ကို Dota 2 စင်မြင့်ထက်မှာ ပြန်လည် မြင်တွေ့ရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

T1 Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Black – Pos 1
  • InYourDream – Pos 2
  • Forev – Pos 3
  • Jhocam – Pos 4
  • Xuan – Pos 5

REF: VpEsports