ဟောင်ကောင် ဆန္ဒပြသူများအား ရိုက်နှက်ရတဲ့ဂိမ်း သို့မဟုတ် “Everyone Hit the Traitors”

တရုတ်နိုင်ငံ ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို ကျေနပ်ခြင်း မရှိတာကြောင့် ဟောင်ကောင် နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ပြုလုပ်ခဲ့တာ အခုဆိုရင် ၆လကျော် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ဟောင်ကောင် နိုင်ငံသူ/ နိုင်ငံသားတွေဘက်ကနေ ကိုယ်တိုင်ကိုယ်ကျ ဝင်ရောက် အားပေးခဲ့ကျသူတွေ ရှိသလို အွန်လိုင်းပေါ်ကနေ တစ်ဆင့် ဟောင်ကောင် နိုင်ငံသားတွေကို တစ်ခဲနက် ထောက်ခံသူတွေကလည်း အများအပြား ပေါ်ပေါက်လို့ လာခဲ့ပါတယ်။

ဒါ့အပြင် မကြာသေးမီ အချိန်က ဟောင်ကောင်နိုင်ငံသား ဆန္ဒပြသူတွေ နေရာကနေ ဝင်ရောက် ကစားရမယ့် ဂိမ်းတစ်မျိုးဖြစ်တဲ့ “Liberate Hong Kong” VR Game ကို Steam Platform ကနေ တစ်ဆင့် ကစားနိုင်တော့မှာဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

“Liberate Hong Kong” VR Game မှာ ကစားသူတွေ အနေနဲ့ ဆန္ဒပြသူ နေရာကနေ ဝင်ရောက် ကစားရမှာဖြစ်ပြီး မျက်ရည်ယိုဗုံးတွေ၊ ရဲသားတွေရဲ့ ရိုက်နှက်မှုတွေစတဲ့ အန္တရာယ်တွေကနေ လွတ်မြောက်အောင် ထွက်ပြေး ရှောင်ပုန်းရမှာ ဖြစ်ပါတယ်။

Liberate Hong Kong

Liberate Hong Kong ဂိမ်းကို Steam ကနေ တစ်ဆင့် ကစားနိုင်တော့မယ်လို့ ကြေငြာခဲ့ပေမယ့်လည်း Steam ရဲ့ နိုင်ငံရေးဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီခြင်း မရှိတာကြောင့် လက်ရှိအချိန်ထိ တရားဝင် ထွက်လာခဲ့ခြင်း မရှိပါဘူး။

ယခုအခါမှာတော့ Liberate Hong Kong ဂိမ်းကို တုန့်ပြန်တဲ့ အနေနဲ့ Everyone Hit the Traitors လို့ အမည်ရတဲ့ ဂိမ်းတစ်မျိုး တရုတ်နိုင်ငံအတွင်းမှာ ထွက်ပေါ်လို့ လာခဲ့ပါတယ်။ Everyone Hit the Traitors ဆိုတာကတော့ ဟောင်ကောင် ဆန္ဒပြသူတွေကို ရိုက်နှက်ရတဲ့ ဂိမ်းအမျိုးအစား တစ်မျိုးပဲ ဖြစ်ပါတယ်။

Everyone Hit The Traitors

Everyone Hit the Traitors ဂိမ်းမှာ ဟောင်ကောင် ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ရှုံ့ချဝေဖန်ထားပြီး ဆန္ဒပြသူတွေကိုလည်း လက်နက်ပေါင်းစုံ အသုံးပြုကာ ရိုက်နှက်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ ဆန္ဒပြသူတွေ လုံးဝ မလှုပ်နိုင်တော့တဲ့ အခါမှာ အနိုင်ရရှိမှာ ဖြစ်ပါတယ်။

Everyone Hit the Traitors ဂိမ်းရဲ့ ထုတ်လုပ်သူတွေကို လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပေမယ့် တရုတ်အစိုးရကို ထောက်ခံတဲ့ Developers တွေ စုပေါင်းပြီး ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်မျိုး ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။

Everyone Hit The Traitors

Everyone Hit the Traitors ဂိမ်းဟာ တရုတ်နိုင်ငံ Social Media လောကမှာ ရေပန်းအစားဆုံး ဂိမ်းတစ်မျိုး အဖြစ် ရပ်တည်လျက်ရှိတဲ့အပြင် အဆိုပါဂိမ်းကို လူတိုင်းနီးပါး ဆော့ကစားလျက် ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Everyone Hit the Traitors ဂိမ်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကို တရုတ်နိုင်ငံရဲ့ နာမည်ကြီး Social Media Platform တွေဖြစ်တဲ့ WeChat, Weibo, Zhihu တို့မှာ လက်ရှိအချိန်ထိ တစ်ဦးတစ်ယောက်မျှ ဖွင့်ဟ ပြောဆိုခြင်း မရှိတာကြောင့် တရုတ်အစိုးရ အနေနဲ့ Everyone Hit the Traitors ဂိမ်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရင်းများ ထုတ်ဖော် ပြောဆိုခြင်းကို ပြင်းထန်စွာ တားမြစ်ထားတဲ့ ပုံပါပဲ။

Everyone Hit The Traitors

လက်ရှိအချိန်မှာ တရုတ်ပြည်မကြီး အနေနဲ့ ဆန္ဒပြသူ ဟောင်ကောင် နိုင်ငံသူ/ နိုင်ငံသားတွေ အပေါ် ပြင်းပြင်းထန်ထန် နှိပ်စက်ခဲ့တာနဲ့ ပတ်သတ်ပြီး နိုင်ငံတကာ ရပ်ဝန်းမှာ နာမည်ဆိုးတွေ ထွက်ပေါ်လျက် ရှိတာကြောင့် “Everyone Hit the Traitors” ဂိမ်းကို ထုတ်လုပ်ခဲ့သူတွေ အထဲမှာ အာဏာရ ပုဂ္ဂိုလ်တွေ ပါဝင်ခဲ့မယ်ဆိုရင် နာမည်ဆိုးတွေ ပိုမို ထွက်ပေါ်လာဖွယ် ရှိတာကြောင့် တရုတ်အစိုးရ အနေနဲ့ အဆိုပါဂိမ်းကို အွန်လိုင်းပေါ်ကနေ အမြန်ဆုံး ဖြုတ်ချသွားမလား ဒါမှမဟုတ် မသိလိုက် မသိဘာသာပဲ နေသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AbacusNews