Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်ပြီဖြစ်တဲ့ Cloud 9 Esports

ပြီးခဲ့တဲ့ ရက်ပိုင်းခန့်က နာမည်ကျော် Esports အဖွဲ့အစည်း Cloud 9 အနေနဲ့ Dota 2 လောကထဲကို တစ်ဖန် ပြန်လည် ဝင်ရောက်လာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားသွားခဲ့ပါတယ်။ ယခုအခါမှာတော့ ကိုယ်ပိုင် Twitter စာမျက်နှာကနေတစ်ဆင့် Cloud 9 Dota 2 အသင်းမှာ ဝင်ရောက် ကစားသွားမယ့် ကစားသမားတွေကို တရားဝင် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။

အခုလို Cloud 9 Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်နိုင်ခြင်းနဲ့ ပတ်သတ်ပြီး CEO ဖြစ်သူ Jack Etienne ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

"Dota 2 လောကကနေ ၂၀၁၇ ခုနှစ်မှာ ထွက်ခွာခဲ့ပေမယ့်လည်း ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ Dota 2 လောကထဲကို ပြန်လည် ဝင်ရောက်ဖို့ အတွက် အချိန်ကောင်းကို စောင့်ကြည့်လို့ နေခဲ့ပါတယ်။ ယခုအခါမှာတော့ ကျွန်တော်တို့ စောင့်ဆိုင်းနေခဲ့တဲ့ အချိန်ကောင်းကို ‌ရောက်ရှိလို့ လာခဲ့ပါပြီ။"‌

PieLieDie

ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Cloud 9 Dota 2 အသင်းမှာ Dota 2 လောကရဲ့ ဝါရင့်ကစားသမားတွေလည်းဖြစ်၊ Cloud 9 Dota 2 အသင်းရဲ့ ကစားသမားဟောင်း‌တွေလည်း ဖြစ်ကြတဲ့ Basums “Misery” Filipsen, Johan “Pieliedie” Astromတို့ ပါဝင်လာခဲ့သလို Raven နောက်ပိုင်း SEA Dota 2 လောကရဲ့ အကောင်းဆုံး Carry ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပေမယ့် ထင်သလောက် အောင်မြင်ခဲ့ခြင်း မရှိတဲ့ Andrei “Skemberlu” Ong, EHome Dota 2 အသင်းကနေ စွန့်ပစ်ခံခဲ့ရတဲ့ Cheng “vtFaded” Jia Hao, Tier-2 အသင်းတွေမှာသာ ကစားခွင့် ရရှိခဲ့တဲ့ Franics “Flee” Lee တို့ ပါဝင်လို့ လာခဲ့ပါတယ်။

Misery

VtFaded အနေနဲ့ Ehome Dota 2 အသင်းမှာ ပါဝင်ခွင့် မရှိတော့ပေမယ့် Ehome Dota 2 အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာကြောင့် Cloud 9 Dota 2 အသင်းမှာ အငှား ကစားသမား အဖြစ်သာ ဝင်ရောက် ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

Skemberlu

Cloud 9 Dota 2 အသင်း အနေနဲ့ ပထမဆုံး အကြိမ် အဖြစ် ဝင်ရောက် ယှဥ်ပြိုင်သွားမယ့် Major/ Minor လက်ရည်စစ်ပွဲတွေကို အရှေ့တောင်အာရှ ဒေသကနေ တစ်ဆင့် ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်ပေမယ့် 2019-2020 DPC ရာသီရဲ့ ကျန်ရှိသေးတဲ့ Major/ Minor လက်ရည်စစ်ပွဲတွေကိုတော့ မြောက်အမေရိက ဒေသကနေ တစ်ဆင့်သာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Vtfaded

Cloud 9 Dota 2 အသင်း အနေနဲ့ ယခင်အချိန်တွေတုန်းက ဝင်‌ရောက် ယှဥ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအများစုမှာ ဒုတိယဆုတွေနဲ့သာ ကျေနပ်ခဲ့ရပြီး အကောင်းဆုံး ဒုတိယ အသင်းအဖြစ်နဲ့သာ ရပ်တည်နိုင်ခဲ့တာကြောင့် ယခုတစ်ကြိမ် Dota 2 လောကကို ပြန်လည် ဝင်ရောက်လာခြင်းနဲ့အတူ ‌အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Flee

Cloud 9 Dota 2 အသင်းရဲ့ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Skem - Pos 1
  • Vtfaded - Pos 2
  • Misery - Pos 3
  • Flee - Pos 4
  • Pieliedie - Pos 5

REF: VpEsports