နိုင်ပွဲမရှိ ရလဒ်နဲ့အတူ Dota Summit 12 ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်းများ

နိုင်ပွဲမရှိ ရလဒ်နဲ့အတူ Dota Summit 12 ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ ပရိုဖက်ရှင်နယ် Dota 2 အသင်းများ

Dota Summit 12 ဆိုတာကတော့ မတ်လ (၁၀) ရက်နေ့ကနေ (၁၃) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တဲ့ Non-DPC Event တစ်ခုပဲ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ ပရိုဖက်ရှင်နယ် Dota 2 အသင်းပေါင်း (၆) သင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁ သိန်းခွဲ ပေးအပ် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

ယခုအခါမှာ Dota Summit 12 ရဲ့ အုပ်စုအဆင့် ပွဲစဥ်တွေ ပြီးဆုံးသွားပြီ ဖြစ်တာနဲ့ အညီ ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတဲ့ အသင်းတွေလည်း ပေါ်ထွက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Dota Summit 12 ပြိုင်ပွဲကနေ အုပ်စု နောက်ဆုံး နေရာဖြင့် စောစီးစွာ ထွက်ခွာခဲ့ရတဲ့ Dota 2 အသင်းကတော့ Cloud9 ပဲ ဖြစ်ပါတယ်။

Skem, vtFaded, Misery, Flee, Pieliedie (Left to Right)

Cloud9 Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့တာ လပိုင်းခန့်သာ ကြာမြင့်သေးတဲ့ အပြင် ယခုလ အစောပိုင်းမှာ အသင်းရဲ့ Mid-Lane ကစားသမားဖြစ်တဲ့ vtFaded, Carry ကစားသမားဖြစ်တဲ့ Skem, Pos 4 ကစားသမားဖြစ်တဲ့ Flee တို့ကို အသင်းကနေ ပြန်လည် ထုတ်ပယ်ပြီး Sneyking, EternalEnvy, Ace စတဲ့ နာမည်ကျော် ကစားသမားတွေကို ထပ်မံ ခေါ်ယူခဲ့ပါတယ်။

C9.EternalEnvy

အခုလို နာမည်ကျော် ကစားသမားတွေနဲ့ အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့ပေမယ့်လည်း Dota Sumitt 12 ပြိုင်ပွဲမှာ ထင်မှတ်မထားတဲ့ ရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့ရပါတယ်။ Cloud 9 Dota 2 အသင်း အနေနဲ့ အုပ်စုအဆင့် ပွဲစဥ်တွေမှာ ပွဲငယ် တစ်ပွဲ‌တောင် အနိုင်ယူနိုင်ခဲ့ခြင်း မရှိဘဲ ၅ ပွဲပြိုင်၊ ၅ ပွဲရှုံး ရလဒ်ဖြင့် ပြိုင်ပွဲကနေ သက်‌တောင့်သက်သာပဲ ထွက်ခွာသွားခဲ့ရပါတယ်။

Cloud9 Dota 2 အသင်းနည်းတူ ပြိုင်ပွဲကနေ နှုတ်ဆက်ခဲ့ရတဲ့ နောက်ထပ် Dota 2 အသင်းကတော့ တောင်အမေရိက အခြေစိုက် ပရိုဖက်ရှင်နယ် Dota 2 အသင်း Thunder Predator ပဲ ဖြစ်ပါတယ်။ Thunder Predator အနေနဲ့ အုပ်စု အဆင့်ပွဲစဥ်တွေမှာ Evil Genius Dota 2 အသင်း တစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး၊ Fantic, Og.Seed, Team Liquid စတဲ့ Dota 2 အသင်းတွေကို သရေ ရလဒ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို Cloud9 Dota 2 အသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Team Liquid Dota 2 အသင်းနဲ့ ရမှတ် တူနေခဲ့တာကြောင့် အဆုံးအဖြတ် ပွဲစဥ် တစ်ခုကို ထပ်မံ ယှဥ်ပြိုင်ကစားခဲ့ရပါတယ်။ အဆိုပါ အဆုံးအဖြတ် ပွဲစဥ်မှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ပြိုင်ပွဲကနေ ထွက်ခွာရမှာ ဖြစ်တာနဲ့ အညီ Team Liquid ရော၊ Thunder Predator ပါ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် Team Liquid အနေနဲ့ ပွဲချိန် မိနစ် ၅၀ ခန့်မှာ အနိုင်ယူနိုင်ခဲ့တာကြောင့် Thunder Predator အနေနဲ့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

Team Liquid

လက်ရှိအချိန်မှာ Dota Summit 11 ရဲ့ Playoffs အဆင့် ပွဲစဥ်တွေကို ဆက်လက် ယှဥ်ပြိုင်လျက် ရှိတာကြောင့် ဘယ်အသင်းတွေ အနေနဲ့ Thunder Predator နဲ့ Cloud9 နည်းတူ ပြိုင်ပွဲကနေ ထွက်ခွာ သွားရမလဲ ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports