စာမေးပွဲခန်းထဲမှ ဆောင်ရန်ရှောင်ရန်များ

ဒီခေါင်းစဉ်ကိုရေးဖို့အကောင်းဆုံးအချိန်ကိုစောင့်ဆိုင်းခဲ့ရတာကြာခဲ့ပြီဆိုပေမယ့် အခုတော့စောင့်ရကျိုးနပ်ပြီလို့ပြောရမှာပေါ့။ ဆယ်တန်းဖြေမယ့် မောင်လေးတွေ ၊ ညီမလေးတွေကို ကိုယ်တွေဆယ်တန်းစာမေးပွဲကာလကို ဘယ်လိုကျော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကို ပြန်ပြောဖို့အချိန်ရောက်ပြီပေါ့။ ကဲ….စကားကြောတွေဆက်ပြီးမရှည်တော့ဘူး။ အချိန်ကသိပ်ရှိတာမဟုတ်ဘူး။ ဒီတော့

စာမေးပွဲကာလမှာ လုပ်သင့်တဲ့အရာတွေ


အချိန်ကိုသေချာစီမံပြီးဖြေပါ
စာမေးပွဲတွေမှာအချိန်ကအရမ်းစကားပြောတယ်။ စာမေးပွဲကိုစိတ်ပူပြီးလောလောနဲ့ဖြေရတာမျိူးမဖြစ်ရအောင် အချိန်ကိုသေချာစီမံခန့်ခွဲရမယ်။ ပြောရရင် ဘယ်မေးခွန်းတွေကိုတော့ ဘယ်နှမိနစ်ဖြေမယ် ၊ ဘယ်ဟာကိုတော့ ဘယ်လောက်အချိန်ပေးပြီးဖြေမယ် ၊ စဉ်းစားဖို့ကို ဘယ်နှမိနစ်ထားမယ် ၊ ပြန်စစ်ဖို့ကို ဘယ်နှမိနစ်ယူမယ်ဆိုပြီး သေချာလေးတွက်ချက်ပြီး ဖြေလို့ရှိရင် စိတ်အေးလက်အေးနဲ့ဖြေနိုင်ပြီး အချိန်မမီတာတို့ဘာတို့ကြောင့် စိတ်ပူပြီးစာမေးပွဲမဖြေနိုင်တာမျိုးမဖြစ်တော့ဘူး။

လိုအပ်တာတွေအကုန်ယူလာမယ်
ဒါကသတိပေးစရာတောင်မလိုတဲ့အချက်ဆိုပေမယ့် စာမေးပွဲတွင်းမှာ လူကစိတ်ဖိစီးမှုတွေများလွန်းတာကြောင့် တစ်ခါတစ်လေမှာ မေ့တတ်ကြတယ်။ လိုတာတွေမေ့လို့စာမေးပွဲမှာဒုက္ခရောက်တဲ့သူတွေလည်း ဒုနဲ့ဒေးပါ။ ကိုယ်ကတန်ခိုးရှင်လည်းမဟုတ်ဘူး ၊ မေ့ကျန်ရင်ပြန်ပြေးယူဖို့လည်း Flash လိုအပြေးမြန်တာမဟုတ်ဘူး။ ဒါကြောင့်ပေါ့ပေါ့မနေဘဲ ညထဲကစာမေးပွဲအတွက် လိုတာတွေအားလုံးကိုပြင်ဆင်ထားပြီး ကိုယ်နောက်နေ့စာမေးပွဲကိုယူသွားမယ့်အိတ်ထဲမှာကြိုထည့်ထားပြီး Ready လုပ်ထားသင့်တယ်။

ဖြေခါနီးစာနွေးတာတွေမလုပ်နဲ့တော့
ဖြေခါနီးမှာမှ စာတွေအသေမှတ်တာတို့ ကျက်ပြီးသားတွေကို ထပ်ခါထပ်ခါပြန်ကြည့်တာတို့ မလုပ်မိဖို့အရေးကြီးပါတယ်။ စာမေးပွဲဖြေခါနီးမှာ ခေါင်းအရမ်းပူအောင်လုပ်မိရင် ကျက်ထားပြီးသားစာပါမေ့သွားလိမ့်မယ်။ အမှန်အတိုင်းပြောရရင် ဖင်နားနီးမှထကျက်လည်း ဘာမှထူးသွားမှာမဟုတ်ဘူးလေ။

အခြေခံလုပ်သင့်တာတွေကိုလုပ်မယ်
ဒီမှာပြောချင်တဲ့ အခြေခံလုပ်သင့်တာတွေဆိုတာက စာမေးခန်းထဲဝင်ရင် စာရွက်မှာခုံနံပါတ်တွေတပ် လိုအပ်တာတွေဖြည့် ၊ မျဉ်းတားစရာရှိတာတွေတားပြီး မေးခွန်းရရင် မေးခွန်းကိုသေချာနားလည်အောင်ဖတ်တာကို ပြောချင်တာဖြစ်တယ်။ ဒါတွေကိုလုပ်ရမယ်ဆိုတာ အားလုံးလည်းသိပါတယ်။ ဒါပေမယ့် စာမေးပွဲတွင်းဆိုတာ ဗျာများတဲ့အချိန်မို့ မေ့မှာစိုးလို့သတိပေးတာပါ။

အမှတ်ပေးစနစ်ကိုနားလည်အောင်လုပ်
အမှတ်ဘယ်လိုပေးတယ်ဆိုတာကိုသိတာက တပန်းသာတယ်။ ဘာလို့လဲဆိုတော့ကွာ အမှတ်နည်းနည်းပဲပေးတဲ့မေးခွန်းတွေဆိုရင် အရှည်ကြီးတွေ ကွန့်မြူးပြီးဖြေမနေတော့ဘူးလေ။ တချို့တွေက အမှတ်ပေးစည်းမျဉ်းကိုသေချာမသိတော့။ အမှတ်နည်းနည်းပေးတာကိုလည်း ငါဒီအပုဒ်သိတယ်ဆိုပြီး ရေးကောင်းကောင်းနဲ့ ရှယ်ရေးရော။ ဒါပေမယ့်ရလာတော့အမှတ်ကပိစိလေးဆို ကြေကွဲရပြီလေ။ ဒါကြောင့်သူ့အမှတ်နဲ့တန်တဲ့အဖြေကိုဖြေပြီးလက်ညောင်းသက်သာအောင် ဉာဏ်ရှိရှိအမှတ်ယူဖို့လိုတယ်။

လွယ်တဲ့မေးခွန်းတွေကိုအရင်ဖြေမယ်
ဒါကိုကျောင်းသားတိုင်းသဘောပေါက်ပါတယ်။ လွယ်ပြီးတော့ သိပ်ပြီးအချိန်ပေးစဉ်းစားစရာမလိုတာတွေကို ဦးစားပေးဖြေသင့်တယ်။ ဒါမှစာမေးပွဲဖြေချိန်အစပိုင်းတွေကို မြန်မြန်ပြီးအောင်ဖြေနိုင်ပြီး ခက်ခဲတဲ့မေးခွန်းတွေ ၊ အချိန်ပေးပြီးဖြေရတာတွေအတွက် အချိန်ပိုရမှာဖြစ်တယ်။

စာမေးပွဲကာလမှာ မလုပ်သင့်တာတွေ


အပင်ပန်းမခံနဲ့
ဒီအချိန်မှာ အိပ်ရေးဝအောင်အိပ်ပြီး ကျန်းကျန်းမာမာနဲ့နေဖို့အရမ်းကို အရေးကြီးတယ်။ အိပ်ရေးပျက်တာက စာမေးပွဲရဲ့မဟာရန်သူပဲ။ စာတွေဘယ်လောက်ပဲ ပိုင်နေပါပြီဆိုဦး အိပ်ရေးပျက်ထားရင် ကိုယ့်ရဲ့ဦးနှောက်ကမလန်းတော့ဘူး။ အလုပ်ကိုမြန်မြန်လုပ်ဖို့မစွမ်းဆောင်နိုင်တော့ဘူး။ ဒါကြောင့် ကျက်ထားတဲ့စာတွေကို မှတ်ဉာဏ်ကနေပြန်ခေါ်ရင် တွေးမရတော့တာ ၊ သတိမရတာတွေဖြစ်လာနိုင်တယ်။ ဒါကြောင့်စာမေးပွဲကာလမှာ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ပြီး လန်းလန်းဆန်းဆန်းနေရမယ်။

မကြောက်ပါနဲ့
ဒါကအရေးအကြီးဆုံးအချက်ဖြစ်တယ်။ ဟုတ်တယ် မောင်လေးတို့ ၊ ညီမလေးတို့ စာမရသေးလို့ စာမေးပွဲကျမှာစိုးလို့ စာတွေအသေကျက်ပြီး အနားနီးမှစိတ်တွေပူပြီးကြောက်နေတာ အမသိတယ်။ ဒါပေမယ့်ကြောက်နေလို့ဘာမှဖြစ်မလားဘူး။ ကြောက်စိတ်ကကိုယ်ရပြီးသားစာတွေကိုတောင်မေ့သွားစေနိုင်တယ်။ ဒီစာမေးပွဲကျသွားလို့လည်း ကလေးတို့ဘဝတွေရေစုန်မျောမသွားဘူး။ ဘဝဆိုတာ ဆယ်တန်းစာမေးပွဲတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ရတဲ့အရာမဟုတ်ဘူး။ ကိုယ့်စိတ်ကိုအေးအေးထားပြီ စာမေးပွဲကိုဖြေနိုင်သလောက်ဖြေ။ ကျလည်းနောက်နှစ်မှပြန်ဖြေလို့ရတယ်။ မသေမချင်းဖြေလို့ရတယ်။ အရေးကြီးတာက ကိုယ်ရဲ့ကျန်းမာရေးနဲ့ကိုယ့်ဘဝပဲ။ ဒါကြောင့်အခုချိန်မှ အရမ်းကြီးကြောက်ပြီး အိပ်ရေးပျက်ခံစာကျက်တာတွေဘာတွေ မလုပ်ကြပါနဲ့လို့ အမပြောချင်တယ်။

မေးခွန်းတွေကိုအကုန်မဖြေဘဲအပေါက်တွေမချန်ခဲ့နဲ့
စာမေးပွဲဖြေရင်မေးခွန်းတိုင်းကို ရချင်မှရမယ်ဆိုတာသိတယ်။ ဒါပေမယ့်မရလို့ဆိုပြီး အပုဒ်လိုက်ကြီးချန်ခဲ့တာတွေမလုပ်နဲ့။ မရတဲ့အပုဒ်လည်းကြိုးစားပြီး မှတ်မိသလောက်ဖြေ။ နောက်ဆုံးမမှတ်ရင်တောင် ကိုယ်နားလည်သလိုဖြေ။ ကိုယ်ကျက်ထားတဲ့စာတွေနဲ့ဆိုင်တယ်ဆို အဲဒီစာတွေပါထည့်ဖြေ။ အဖြေလွှာကအပေါက်ကြီးဖြစ်နေရင် စာစစ်တဲ့ဆရာမတွေလည်း စိတ်မကောင်းဖြစ်ရတယ်။ ပြီးတော့သူတို့က ညီမလေးတို့ ၊ မောင်လေးတို့ကယ်ချင်ပါတယ်ဆိုရင်တောင် ကယ်စရာမရှိဖြစ်လိမ့်မယ်။ ဒီတော့ရုပ်ပျက်ဆင်းပျက်ကြီးမဖြစ်အောင် အားလုံးအပေါက်မကျန်ဖြေခဲ့ပါ။

မေးခွန်းတစ်ခုမှာပဲ တစ်မနေနဲ့
အမတို့တွေစာမေးပွဲဖြေရင်း မေးခွန်းတစ်ပုဒ်မှာရုတ်တရက်မေ့သွားတာတို့ ၊ မတွက်တတ်တော့တာတို့ဖြစ်ရင် ထိုင်ပြီးစဉ်းစားနေတတ်တယ်။ အဲဒီလိုဖြစ်လာရင် လုံးဝမရပ်လိုက်ပါနဲ့။ ဒီမေးခွန်းကိုမဖြေနိုင်တော့ဘူးမလား ၊ လောလောဆယ်နေရာလွတ်ချန်ခဲ့ပြီး နောက်တစ်ပုဒ်ကိုဆက်ဖြေပါ။ အဲဒီမှာသွားတွေးနေရင် ကိုယ့်ရဲ့အချိန်တွေပဲ့သွားလိမ့်မယ်။ အချိန်ပဲ့သွားရင် စာမေးပွဲကို အချိန်ကိုက်ဖြေနိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။

အဖြေတိုက်ပြီး နောင်တရမနေနဲ့
အမတို့တွေလည်းငယ်ငယ်ကဒီလိုပဲ။ စာမေးပွဲဖြေပြီးရင် သူငယ်ချင်းတွေနဲ့အဖြေတွေတိုက်ကြတယ်။ ကိုယ့်အဖြေကသူတို့နဲ့တူရင်တော့ ပျော်တာပေါ့နော်။ အဲ….ကိုယ့်အဖြေကအားလုံးနဲ့မတူဘဲ လွဲနေတာမျိုးဆို ငါတော့သွားပြီ ၊ သေပြီဆိုပြီး တစ်နေ့လုံးစိတ်ဆင်းရဲပါလေရော။ အဲဒီလိုနောင်တရတာက ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးတာပဲ။ ဒီအတွေးကြောင့် မစားနိုင်မသောက်နိုင်နဲ့ နောက်နေ့အတွက်တောင် စာကြည့်လို့မဖြောင့်တော့ဘူး။ ဒါကြောင့်စာမေးပွဲဖြေပြီးတာနဲ့ ဖြေပြီးသားဘာသာနဲ့ဆိုင်တာတွေကို ချောင်ထိုးပြီး နောက်တစ်ဘာသာကိုစကိုင်တော့။

နောက်ဆုံးနဲ့အကောင်းဆုံးအချက်က
စာမေးပွဲခန်းကနေဘယ်တော့မှစောမထွက်ပါနဲ့
အမကိုကိုယ်ချင်းမစာဘူးလို့မထင်ပါနဲ့။ အမလည်းဆယ်တန်းဖြေခဲ့တဲ့သူပါ။ စာမေးပွဲတွေလည်းအများကြီးဖြေဖူးပါတယ်။ ဖြေပြီးရင်အိမ်ပြန်နားချင်တယ်။ ဒီမေးခွန်းတွေကို ဆက်မကြည့်ချင်တော့တာသိတယ်။ ဒါပေမယ့်စာမေးပွဲခန်းထဲမှာ အချိန်ကြာကြာနေတာက ဘယ်လောက်အကျိုးရှိတယ်ဆိုတာကို အမပြောပြချင်တယ်။ ဖြေချိန် ၁ နာရီခွဲလောက်မှာ ကိုယ်သတိမရတာတွေက နောက်တစ်နာရီလောက်မှ ပေါ်လာတတ်တာတွေရှိတယ်။ ခေါင်းအေးသွားတော့မှ အတွေးသစ်တွေပေါ်လာတာတွေရှိတယ်။ ဒီတော့ကိုယ်ကစာမေးပွဲခန်းထဲမှာ ဒီလိုပြန်သတိရတဲ့အချိန်ထိရှိနေသေးရင် ထည့်သင့်တာတွေထည့် ၊ အမှားတွေထပ်တွေ့ရင်လည်း ပြင်လို့ရတယ်လေ။ စာမေးပွဲခန်းထဲအချိန်ပြည့်ထိုင်လို့လည်း မြေမျိုမခံရပါဘူးလေနော်။ ဟုတ်တယ်မလား။

ဒီတော့အမပြောခဲ့တဲ့နည်းတွေက မောင်လေးတို့ ၊ ညီမလေးတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အမမှာတော့ ပြောပြရမယ့် ညီမလေးတွေ ၊ မောင်လေးတွေမရှိလို့ ကိုယ့်ရဲ့နည်းတွေကို ဟောဒီကကလေးတွေကို မျှဝေပေးတာဖြစ်ပါတယ်နော်။ အားလုံးပဲစာမေးပွဲဖြေနိုင်ကြပါစေ။

Piki (Akhayar)

www.akhayar.com