ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကနေ အနားယူပြီဖြစ်တဲ့ TI နှစ်ထပ်ကွမ်း ချန်ပီယံ Jerax

ပြီးခဲ့တဲ့ ရက်ပိုင်းက OG Dota 2 အသင်းနဲ့အတူ The International 2018, The International 2019 စတဲ့ ပြိုင်ပွဲတွေမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ Carry ကစားသမား Ana အနေနဲ့ TI 10 ပြိုင်ပွဲ ပြီးဆုံးသွားတဲ့ အချိန်ထိ အနားယူသွားမှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့သလို ယခုအခါမှာတော့ OG Dota 2 အသင်းရဲ့ Pos 4 ကစားသမားဖြစ်သူ Jerax အနေနဲ့လည်း ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကနေ အနားယူတော့မှာဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

Jerax အနေနဲ့ Dota 2 ကစားဖို့ အတွက် စိတ်ဝင်စားခြင်း မရှိတော့သလို ပရိုဖက်ရှင်နယ် Dota 2 ကစားသမား အဖြစ် ဆက်လက် ရပ်တည်ဖို့လည်း စိတ်ကူးမရှိတော့ကြောင်း ပြောကြားသွားခဲ့သလို အခြားသော အသက်မွေးဝမ်းကြောင်း တစ်ခုကို ပြောင်းလဲ ရပ်တည်သွားဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်းကို တရားဝင် ကြေငြာသွားခဲ့ပါတယ်။

Jerax အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကကို စတင် ဝင်ရောက်ခဲ့တာဖြစ်ပြီး ဖင်လန်နိုင်ငံသား သီးသန့်ဖြင့် ဖွဲ့စည်းထားတဲ့ 4 Anchors + Sea Captain, နာမည်ကျော် ကစားသမားပေါင်း များစွာ ပါဝင် ကစားခဲ့ဖူးတဲ့ Team Tinker, ကိုရီးယားနိုင်ငံသား နာမည်ကျော် Dota 2 ကစားသမားတွေဖြစ်တဲ့ Heen, SunBhie, MP, Forev တို့ ပါဝင်တဲ့ MVP Hot Six, Kuroky, Fata တို့ ပါဝင်တဲ့ 5 Jungz, Team Liquid စတဲ့ အသင်းတွေမှာ ဝင်ရောက် ကစားခဲ့သလို ၂၀၁၆ ခုနှစ် ၈ လပိုင်းကနေ စတင်ပြီး ယခု အနားယူသွားတဲ့ အချိန်ထိ OG Dota 2 အသင်းမှာ ၄ နှစ်နီးပါး ဝင်ရောက် ကစားခဲ့ပါတယ်။

ဒါ့အပြင် OG Dota 2 အသင်းနဲ့အတူ Major ပြိုင်ပွဲပေါင်းများစွာမှာ အနိုင်ရ ဗိုလ်စွဲခဲ့သလို Dota 2 ‌လောကရဲ့ မှတ်တမ်းသစ် တစ်ခုဖြစ်တဲ့ TI ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရရှိခဲ့တဲ့ ကစားသမား အဖြစ်လည်း Jerax တစ်ယောက် သမိုင်းသစ်ကို ရေးထိုးနိုင်ခဲ့ပါတယ်။ Jerax အနေနဲ့ OG Dota 2 အသင်းရဲ့ ကစားသမား ဘဝကနေ အနားယူသွားခဲ့ပြီ ဖြစ်ပေမယ့် OG Esports အဖွဲ့အစည်းရဲ့ မိသားစုဝင် အဖြစ် ဆက်လက် ရပ်တည်သွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

OG Dota 2 အသင်း အနေနဲ့ တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာဖြစ်ကြောင်း ကြေငြာထားတာကြောင့် Ana တစ်ယောက် ကာလရှည် အနားယူခြင်းနဲ့ Jerax တစ်ယောက် Dota 2 လောကကို အပြီးပိုင် စွန့်ခွာခြင်းက OG Dota 2 အသင်းရဲ့ သုံးနှစ် ဆက်တိုက် TI ချန်ပီယံ မျှော်လင့်ချက်ကို ထိခိုက်စေမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports