နောက်ဆုံး (၁၅) ပွဲမှာ (၁၃) ပွဲအထိ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ CSGO အသင်း ENCE

ဖင်လန်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် CSGO အသင်း ENCE အနေနဲ့ ၂၀၁၉ ခုနှစ်၊ အစောပိုင်း ကာလတွေမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့ပေမယ့်လည်း ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းက စတင်ကာ လက်ရှိအချိန်ထိ ဆိုးဝါးတဲ့ ရလဒ်တွေနဲ့ ဆက်တိုက်ဆိုသလို ယှဥ်ဆိုင်ခဲ့ရပါတယ်။

ENCE CSGO အသင်းရဲ့ In-Game Leader ဖြစ်သူ Aleksib တစ်ယောက် ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ OG CSGO အသင်းကို ပြောင်းရွေ့သွားပြီး နောက်ပိုင်းမှာ ရလဒ်ဆိုးတွေနဲ့ စတင် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ENCE CSGO အသင်း အနေနဲ့ နောက်ဆုံး ယှဥ်ပြိုင်ခဲ့တဲ့ ပွဲစဥ် (၁၅) ပွဲမှာ (၁၃) ပွဲအထိ ရှုံးနိမ့်မှုတွေ ရင်ဆိုင်နေခဲ့ရပြီ ဖြစ်ပါတယ်။

ENCE အနေနဲ့ Tier-1 အဆင့်ရှိ CSGO အသင်း တစ်သင်း အဖြစ် အချိန် တစ်ခု ကြာမြင့်အောင် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ Tier-2 အဆင့်ရှိ CSGO အသင်းတွေကို ရှုံးနိမ့်တဲ့အထိ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ENCE CSGO အသင်းရဲ့ နောက်ဆုံး (၃) လအတွင်း အနိုင် ရာခိုင်နှုန်းဟာ (၂၈.၆) ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

ဒါကြောင့် ENCE CSGO အသင်း အနေနဲ့ Tier-1 အဆင့်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ အတွက် ကစားသမား အပြောင်းအလဲတွေ မဖြစ်မနေ ပြုလုပ်ဖို့ လိုအပ်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ Allu, sunny, sergej တို့ကို ထုတ်ပယ်ဖို့ဆိုတာ မဖြစ်နိုင်တာကြောင့် xseveN, Aerial တို့ နှစ်ဦးထဲက တစ်ဦးကိုသာ အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိပါတယ်။

xseveN ရဲ့ လတ်တလော စွမ်းဆောင်ရည်ဟာ Aerial နဲ့ နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ပိုမို နိမ့်ကျနေပေမယ့်လည်း Aerial အနေနဲ့လည်း မေလ၊ ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ BLAST Pro Series Madrid ပြိုင်ပွဲနောက်ပိုင်း လက်စွမ်း ကျဆင်းနေခဲ့တာကြောင့် ကစားသမား နှစ်ဦးလုံးကိုလည်း အသင်းကနေ ထုတ်ပယ်သွားဖွယ် ရှိပါတယ်။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ CSGO ဈေးကွက် အတွင်း လစ်လပ်နေတဲ့ နာမည်ကျော် ကစားသမားဆိုလို့ မရှိသလောက် ရှားပါးနေခဲ့တာကြောင့် ENCE အနေနဲ့ လက်ရှိ ကစားသမား ငါးဦးကိုသာ ဆက်လက် ထိန်းသိမ်းသွားမလား ဒါမှမဟုတ် အခြားသော အသင်းတွေနည်းတူ လူငယ်ကစားသမား တစ်ဦးဦးကို ခေါ်ယူသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports