ကစားသမား အသစ် သုံးဦးနဲ့အတူ CSGO အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ENVY

ပရိုဖက်ရှင်နယ် CSGO အသင်း ENVY အနေနဲ့ လွန်ခဲ့တဲ့ ကာလတွေက အောင်မြင်တဲ့ CSGO အသင်း အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ကစားသမားကောင်းတွေ ထွက်ခွာသွားခြင်းနဲ့အတူ CSGO လောကမှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ အခုဆိုရင် အချိန်တစ်ခု ကြာမြင့်လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

Calyx

ဒါ့အပြင် Envy CSGO အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ s0m တစ်ယောက် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ Gen.G CSGO အသင်းကို ပြောင်းရွေ့သွားခဲ့ပါတယ်။ အခုလို အဓိက ကစားသမား တစ်ဦး အသင်းကနေ ထွက်ခွာသွားခြင်းကြောင့် Envy CSGO အသင်း အနေနဲ့ အလုံးစုံ ပြောင်းလဲမှု တစ်ခုကို ပြုလုပ်ဖို့ ကြံရွယ်ပြီး အခြားသော ကစားသမား နှစ်ဦးဖြစ်တဲ့ Fugly နဲ့ Android တို့ နှစ်ဦးကို အသင်းကနေ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ထုတ်ပယ်ပစ်ခဲ့ပါတယ်။

Michu

ယခုအခါမှာတော့ ကစားသမား အသစ် သုံးဦးနဲ့အတူ Envy CSGO အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာပေးလိုက်ပြီ ဖြစ်ပါတယ်။ အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Envy CSGO အသင်းမှာ ကစားသမားဟောင်း နှစ်ဦးဖြစ်တဲ့ Nifty နဲ့ Ryan တို့ ပြန်လည် ပါဝင်သွားမှာ ဖြစ်သလို CSGO လောကရဲ့ နာမည်ရ ကစားသမားတွေ ဖြစ်ကြတဲ့ MICHU, Moose, Calyx တို့လည်း ပါဝင် ကစားသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Moose အနေနဲ့ Envy CSGO အသင်းကို မပြောင်းရွေ့ခင် ကာလမှာ eUnited CSGO အသင်းမှာ ဝင်ရောက် ကစားခဲ့ပြီး MICHU ကတော့ Virtus Pro CSGO ကစားသမားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အသင်း တစ်သင်းမှာ ဝင်ရောက် ကစားခဲ့ပါတယ်။ Calyx ကတော့ Windigo CSGO အသင်းကနေ ထွက်ခွာခဲ့တဲ့ ၂၀၁၉ ခုနှစ် ၁၀ လပိုင်းကနေ စတင်ကာ အသင်းလက်မဲ့အဖြစ် တည်ရှိနေခဲ့တာဖြစ်ပြီး ယခုအခါမှာသာ ပရိုဖက်ရှင် CSGO လောက အထဲကို ပြန်လည် ဝင်ရောက် လာခဲ့တာ ဖြစ်ပါတယ်။

Moose

ဒါ့အပြင် လစ်လပ်လျက်ရှိတဲ့ Envy CSGO အသင်းရဲ့ နည်းပြ ရာထူးအတွက် BIG CSGO အသင်းမှာ ကာလရှည် နည်းပြ အဖြစ် လုပ်ကိုင်ခဲ့တဲ့ Legija ကို ခန့်အပ်ခဲ့ပါတယ်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ Envy CSGO အသင်း အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ESL One Rio Major လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် လက်ရည်စစ်ပွဲကို ဖြတ်ကျော်ပြီး Main Event ကို တက်လှမ်းသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

LEGIJIA

Envy CSGO အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Noah “Nifty” Francis
  • Bugra “Calyx” Arkin
  • Ryan “ryann” Welsh
  • Micah “MICHU” Muller
  • Kaleb “Moose” Jayne
  • Nikola “LEGIJIA” Ninic (Coach)

REF: VpEsports