ESL One LA Major ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့တဲ့ မြောက်အမေရိက အခြေစိုက် Dota 2 အသင်းများ

ESL One LA Major ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့တဲ့ မြောက်အမေရိက အခြေစိုက် Dota 2 အသင်းများ

မြောက်အမေရိက အခြေစိုက် အင်အားကြီး Dota 2 အသင်း Evil Geniuses ကတော့ နာမည်ကျော် ကစားသမားတွေ၊ အတွေ့အကြုံရင့် ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ Dota 2 အသင်း ဖြစ်တာနဲ့အညီ ESL One LA Major မြောက်အမေရိက ဒေသတွင်း လက်ရည်စစ်ပွဲတွေကို အသာအယာပဲ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။

EG

EG အနေနဲ့ အုပ်စုအဆင့် ပွဲစဥ်တွေကို ရှုံးပွဲမရှိ ကစားကာ Semi-Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ Semi-Finals အဆင့်မှာ EE ပါဝင်တဲ့ Fighting Pandas Dota 2 အသင်းကို နှစ်ပွဲပြတ်၊ Upper Bracket Finals အဆင့်မှာ အုပ်စုတွင်း ပြိုင်ဘက် Chaos Esports Club ကို (၂-၁) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် ESL One LA Major မှာ တိုက်ရိုက် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို သိမ်းပိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

အခုလို ESL One LA Major မှာ တိုက်ရိုက် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့တာကြောင့် EG အနေနဲ့ 2019-2020 DPC ရာသီရဲ့ Major ပြိုင်ပွဲ သုံးခုလုံးမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ EG အနေနဲ့ MDL Chengdu Major မှာ စတုတ္ထ၊ Leipzig Major မှာ ဒုတိယစတဲ့ ရလဒ်ကောင်းတွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

EG နည်းတူ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့တဲ့ နောက်ထပ် တစ်သင်းကတော့ လူစာရင်း အပြောင်းအလဲ၊ Position အပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့ Chaos Esports Club ပဲ ဖြစ်ပါတယ်။ Chaos အနေနဲ့ ESL One LA Major လက်ရည်စစ်ပွဲ မစတင်ခင်မှာ Pos 4 နေရာ အတွက် Biver ကို ခေါ်ယူခဲ့ပြီး အသင်းရဲ့ Pos 4 ကစားသမား MSS ကို Offlane (Pos 3) နေရာမှာ ပြောင်းလဲ ကစားစေခဲ့ပါတယ်။

Chaos

ESL One LA Major လက်ရည်စစ်ပွဲမှာ EG နဲ့ တစ်အုပ်စုတည်း ကစားခဲ့ရပေမယ့် Chaos EC အနေနဲ့ အုပ်စုတွင်း ပွဲစဥ်တွေမှာ EG တစ်သင်းတည်းကိုသာ ရှုံးနိမ့်ခဲ့ပြီး ကျန်အသင်း သုံးသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် အုပ်စု ဒုတိယနေရာဖြင့် Semi-Finals အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Semi-Finals မှာ Fear,Moo တို့ ပါဝင်တဲ့ Business Associates Dota 2 အသင်းကို အနိုင်ယူပြီး Upper Bracket Finals အဆင့်ကို တက်လှမ်းခဲ့ပါတယ်။ UB Final ပွဲစဥ်မှာ Evil Genius ကို ထပ်မံ ရှုံးနိမ့်ခဲ့ပေမယ့်လည်း Business Associates နဲ့ ပြန်လည် ယှဥ်ပြိုင်ခဲ့ရတဲ့ Lower Bracket Final မှာ (၂-၁) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် ESL One LA Major မှာ တိုက်ရိုက် ယှဥ်ပြိုင်ခွင့်ကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Chaos

ကနေဒါနိုင်ငံ၊ Vancouver မြို့တော်မှာ The International 2018 ပြိုင်ပွဲ ကျင်းပပြီး နောက်ပိုင်း မြောက်အမေရိက ဒေသမှာ DPC ပြိုင်ပွဲတွေ ကျင်းပခြင်း မရှိခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ESL One LA Major ပြိုင်ပွဲဟာဆိုရင် TI 8 နောက်ပိုင်း မြောက်အမေရိကမှာ ပြန်လည် ကျင်းပတဲ့ ပထမဆုံး ပြိုင်ပွဲ ဖြစ်တာကြောင့် NA ကိုယ်စားပြု အသင်းတွေဖြစ်တဲ့ Evil Geniuses, Chaos EC တို့ အနေနဲ့ ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports