ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ပြန်လည် ခံယူခဲ့တဲ့ TI Champion ကစားသမားဟောင်း တစ်ဦး

Xiao8 ဆိုတာကတော့ Dota 2 လောကမှာ မသိသူ မရှိလောက်အောင် နာမည်ကျော်ကြား လူကြိုက်များခဲ့တဲ့ Dendi နည်းတူ အောင်မြင်မှုတွေကို စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ Newbee Dota 2 အသင်းနဲ့အတူ The International 2014 မှာ ပထမဆုကို စွတ်ခူးနိုင်ခဲ့သလို ကစားသမား သက်တမ်းတစ်လျှောက် အောင်မြင်မှုပေါင်းများစွာကို စွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက်အရွယ် ကြီးမြင့်လာတာနဲ့အမျှ Esports ကစားသမားတိုင်း ခံစားရလေ့ရှိတဲ့ လက်စွမ်းလက်န ကျဆင်းခြင်းကို Xiao8 အနေနဲ့ ခံစားခဲ့ရပြီး ၂၀၁၈ ခုနှစ် အစောပိုင်းကာလမှ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

တရုတ်နိုင်ငံ Dota 2 လောကမှာ လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာနဲ့အညီ Xiao8 အနေနဲ့ Dota 2 ပြိုင်ပွဲတွေမှာ အစီအစဥ် တင်ဆက်သူအဖြစ် အားရင်အားသလို ဝင်ရောက် လုပ်ကိုင်ခဲ့ပေမယ့်လည်း Dota 2 ကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးစိတ်က ကျန်ရှိနေသေးတာကြောင့် Ehome Dota 2 အသင်းရဲ့ နည်းပြအဖြစ်နဲ့ ၂၀၁၈ ခုနှစ်၊ ၅ လပိုင်းမှာ ပရိုဖက်ရှင်နယ် Dota 2 လောကထဲကို ပြန်လည် ဝင်ရောက် လာခဲ့ပါတယ်။

အောင်မြင်မှုတွေကို အမြဲတမ်း ငတ်မွတ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တာနဲ့အညီ အစစအရာရာ ချို့ယွင်းစ ပြုနေပြီဖြစ်တဲ့ Ehome Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့သလို အသင်းကို တာဝန်စယူစဥ် အချိန်က စတင်ကာ အောင်မြင်မှု အနည်းအကျဥ်း ရရှိအောင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အောင်မြင်မှုတွေ အများအပြား စွတ်ခူးနိုင်ခြင်း မရှိတာကို စိတ်ပျက်နေတဲ့ Xiao8 အနေနဲ့ 2019-2020 DPC ရာသီမှာတော့ Ehome Dota 2 အသင်းကို သူစိတ်တိုင်းကျ ကစားသမား အများစုနဲ့ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့်လည်း MDL Chengdu Major မှာ ကျရှုံးခဲ့တာကြောင့် ကစားသမား အပြောင်းအလဲတွေ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့်လည်း 2019-2020 DPC ရာသီရဲ့ Major/ Minor လက်ရည်စစ်ပွဲ နှစ်ခုလုံးမှာ ကျရှုံးမှုတွေနဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရပါတယ်။ အခုလို Ehome အသင်း အနေနဲ့ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ သတင်းကောင်းလို့ပဲ ပြောရမလား ဒါမှမဟုတ် သတင်းဆိုးလို့ပဲ ပြောရမလား မသိနိုင်တဲ့ သတင်း တစ်ခု ထပ်မံ ထွက်ပေါ်လို့လာခဲ့ပါတယ်။

Ehome Dota 2 အသင်းရဲ့ ထုတ်ပြန်ကြေငြာချက်များအရ Offlane ကစားသမား Faith_bian အနေနဲ့ လက်ကောက်ဝတ် အရွတ် အမြှေးပါး ထိခိုက်မှုကြောင့် ပရိုဖက်ရှင်နယ် Dota 2 လောကကနေ ခေတ္တ စွန့်ခွာပြီး ဆေးဝါးကုသတွေ ခံယူသွားရမှာပဲ ဖြစ်ပါတယ်။ Faith_bian အနေနဲ့ အဆိုပါ ဒဏ်ရာကို ကုသဖို့ အတွက် ၂၀၂၀ အစောပိုင်း ကာလအထိ အနားယူသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လစ်လပ်သွားတဲ့ Pos 3 (Offlane) နေရာအတွက် အခြားသော ကစားသမားကို ခေါ်ယူသွားမှာ မဟုတ်ပဲ အသင်းရဲ့ နည်းပြကြီး xiao8 ကိုယ်တိုင် ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

Ehome Dota 2 အသင်း အနေနဲ့ မကြာမီ အချိန်အတွင်းမှာ WESG China ဒေသတွင်း လက်ရည်စစ်ပွဲများကို ကစားသွားရဖို့ရှိပြီး လက်ရှိအချိန်မှာ ယှဥ်ပြိုင်လျက်ရှိတဲ့ China Dota 2 Professional League Season 1 တို့မှာ နည်းပြကြီး xiao8 အနေနဲ့ ဝင်ရောက် ကစားသွားမှာ ဖြစ်ပါတယ်။

Ehome Dota 2 အသင်းမှာ လာရောက် ကစားခဲ့တဲ့ ကစားသမား အများစု အပေါ် စိတ်အလိုမကျ ဖြစ်ခဲ့တဲ့ နည်းပြကြီး xiao8 အနေနဲ့ အခုလို တစ်ကျော့ပြန် ကစားသမား ဘဝကို ခေတ္တ ပြန်လည် ခံယူလိုက်တဲ့ ခရီးစဥ်မှာ ထိုက်သင့်သလျောက် အောင်မြင်မှုတွေကို ရှာဖွေနိုင်မလား ဒါမှမဟုတ် ကျိန်စာသင့်နေတဲ့ Ehome Dota 2 အသင်းရဲ့ ကျရှုံးမှုတွေကိုပဲ ရင်စည်းခံသွားရမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports