PSG.LGD ကို အနိုင်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး ပြောကြားသွားခဲ့တဲ့ ပရိုဖက်ရှင်နယ် အမျိုးသမီး Dota 2 ကစားသမား AXX

PSG.LGD Dota 2 အသင်းကို ESL One LA Major Open Qualifier မှာ အနိုင်ရရှိပြီး ဒေသတွင်း လက်ရည်စစ်ပွဲမှာ ပထမဆုံး ပါဝင်ခွင့် ရရှိခဲ့တဲ့ အမျိုးသမီး Dota 2 ကစားသမား အဖြစ် မှတ်တမ်းနိုင်ခဲ့တဲ့ AXX ကတော့ PSG.LGD Dota 2 အသင်းကို အနိုင်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်တဲ့ အကြောင်းအရင်းတွေကို တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပြီ ဖြစ်ပါတယ်။

AXX အနေနဲ့ Streaming Section တစ်ခုမှာ PSG.LGD Dota 2 အသင်းကို အနိုင်ယူနိုင်ခဲ့ခြင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်မတို့တွေ PSG.LGD Dota 2 အသင်းရဲ့ Hero Drafting ကို သုံးသပ်ပြီး အရိုးရှင်းဆုံး အစီအစဥ် တစ်ခု ချမှတ်ကာ ကစားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီအစဥ်က ဘာလည်းဆိုတော့ Battle တွေမှာ Meepo နဲ့ Gyrocopter ကို အရင်ဆုံး သတ်နိုင်အောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ Meepo နဲ့ Gyrocopter ကို အရင်ဆုံး သတ်နိုင်ဖို့ အတွက်လည်း Snapfire ရဲ့ Ulti ကို အဓိက အသုံးပြုခဲ့တယ်။

အမှန်အတိုင်း ပြောရရင် PSG.LGD နဲ့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ ကျွန်မတို့ အသင်းသားတွေ အကြား စိုးရိမ် ပူပန်စိတ်တွေ ဖြစ်ပေါ်ခဲ့ခြင်း မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ပွဲချိန် ကြာလာတာနဲ့ အမျှ ကျွန်မတို့ အသင်း အနိုင်ယူနိုင်မယ်လို့ ယုံကြည်ထားတာကြောင့်ပါပဲ။”

AXX အနေနဲ့ Blaze Dota 2 အသင်းမှာ အတူတကွ ကစားခွင့် ရရှိခဲ့တဲ့ အသင်းဖော် Xiaoliu နဲ့ ပတ်သတ် ပြီးတော့လည်း အခုလိုပဲ ထပ်မံ ပြောကြားသွားခဲ့ပါတယ်။

“Xiaoliu က အမြဲတမ်း လေ့ကျင့်ခန်းဆင်းဖို့ နောက်ကျပြီးမှ ရောက်လာလေ့ရှိတယ်။ ကျွန်မ မနက်တိုင်း သူ့ဆီကို အစောကြီး စာပို့ပြီး၊ ဖုန်းဆက်ပြီး အိပ်ရာကထဖို့ နှိုးပေးရပါတယ်။ ဒါပေမယ့်လည်း မနက် အစောပိုင်း ယှဥ်ပြိုင်ရတဲ့ ပွဲစဥ်တွေမှာ သူကတော့ အိပ်ငိုက်နေတာပါပဲ။”

AXX အနေနဲ့ Blaze Dota 2 အသင်းမှာ အစားထိုး ကစားသမား အဖြစ် အချိန် ခဏသာ ဝင်ရောက် ကစားခွင့် ရရှိခဲ့ပေမယ့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမ အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို လုံးဝ ခံယူသွားဖို့တော့ မရှိဘူးလို့ သိရပါတယ်။

AXX ရဲ့ ပြောကြားချက်များအရ သူမရဲ့ မိဘတွေ အနေနဲ့ AXX ကို အမျိုးသားတွေနဲ့ အချိန်ပြည့် အတူတကွ နေထိုင်ပြီး လေ့ကျင့်နေရတာမျိုး မလိုလားတာကြောင့် ပရိုဖက်ရှင်နယ် Dota 2 ကစားသမား ဘဝကို ခံယူဖို့ ဆုံးဖြတ်ခဲ့ခြင်း မရှိတာဖြစ်ကြောင်း သိရပါတယ်။

REF: AfkGaming