အောင်မြင်ကောင်းမွန်တဲ့ဘဝကြီးပိုင်ဆိုင်ဖို့ ထားကိုထားရှိသင့်တဲ့ စည်းမျဉ်းစည်းကမ်းများ

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ကြလဲ။ နှစ်စက ချထားတဲ့ အစီအစဉ်တွေအတိုင်း စနစ်တကျ အကျိုးရှိရှိနဲ့ ဖြတ်သန်းနိုင်ခဲ့ကြရလား။ မနှစ်က အဲဒီလို မဖြတ်သန်းနိုင်ခဲ့ဘူးဆိုရင် ဒီနှစ်မှာလည်း အဲ့ဒီလိုအမှားမျိုး ထပ်မဖြစ်ဘဲ အကျိုးရှိရှိ ဖြတ်သန်းနိုင်ဖို့အတွက် ပြင်ဆင်သင့်တာတွေကို ကြိုတင်ပြင်ဆင်သင့်ပါတယ်။ ပြီးခဲ့တာကိုတွေးပြီး စိတ်ပျက်အားငယ်နေတာမျိုး မလုပ်ဘဲနဲ့ ရှေ့ကိုသာ ဘယ်လိုကောင်းမွန်အောင် လုပ်မလဲဆိုပြီး တွေးတောကာ အမှားတွေကနေ သင်ခန်းစာယူပြီး ပြုပြင်ပြောင်းလဲမှုတွေလုပ်လိုက်ရင် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို ဖြတ်သန်းနိုင်စေမှာပါ။ အဲဒီလို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ဖို့အတွက်ဆို ဒီအချက်တွေကို ထပ်ပေါင်းထည့်ပြီး ကျင့်သုံးကြည့်ကာ အောင်မြင်ပြီးပြည့်စုံတဲ့ ဘဝကို ဖန်တီးကြည့်ပါ။

ကျန်းမာရေးအတွက်ရင်းနှီးမြှုပ်နှံပါ
ကျန်းမာမှ ဘဝကြီးမှာ လုပ်ချင်တာတွေ လုပ်ခွင့်ရသလို အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင်လည်း ဖော်ဆောင်ခွင့်ရမှာပါ။ကျန်းမာဖို့အတွက်ဆို ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်တဲ့အတွက် အားကစားတစ်ခုခုလိုက်စားတာမျိုး၊ Gym Member ဝင်ထားတာမျိုးလုပ်ပြီး လေ့ကျင်ခန်းလိုက်စားပါ။ လေ့ကျင်ခန်းလိုက်စားခြင်းဟာ ကျန်းမာရေးကောင်းမွန်ရုံသာမက Endorphins Level ကိုလည်း တိုးလာစေလို့ စိတ်ကိုကြည်လင်လန်းဆန်းစေကာ ပျော်ရွှင်လာစေပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှုပုံစံ ဖြစ်အောင်လည်း စားသောက်နေထိုင်ပေးသင့်သလို ငွေကုန်ကြေးကျများလို့ မလုပ်ခဲ့တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကိုလည်း တတ်နိုင်သမျှ ပုံမှန်လေးလုပ်ပေးပါ။ ကျန်းမာရေးကို ရင်နှီးမြှုပ်နှံတာဟာ အစပိုင်းမှာ သိပ်မသိသာပေမယ့် ရေရှည်မှာတော့ အကျိုးများစေမှာပါ။။

တရားထိုင်ပါ
အောင်မြင်တိုးတက်မှုတွေရရှိဖို့အတွက် လူကျန်းမာဖို့ လိုအပ်သလို စိတ်ကျန်းမာဖို့လည်း လိုအပ်ပါတယ်။ စိတ်ကျန်းမာဖို့အတွက်ဆို စိတ်တည်ငြိမ်နေဖို့လိုအပ်တဲ့အတွက် တရားထိုင်တာလို အသက်ရှုလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ အောင်မြင်တဲ့လူတွေဖြစ်တဲ့ Oprah Winfrey နဲ့ Bill Gate တို့ကလည်း စိတ်တည်ငြိမ်ဖို့အတွက် တရားထိုင်တာကို အလေ့အကျင့်တစ်ခုအနေနဲ့ ပြုလုပ်ကြတာကို တွေ့ရပါတယ် ။ တရားထိုင်ခြင်းကို အလေ့အကျင့်အနေနဲ့ တစ်နှစ်ပတ်လုံးပြုလုပ်လိုက်ရင် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ကြောင့်ကျမှုတွေ လျော့ကျကာ ပေါင်းသင်းဆက်ဆံရေးတွေ ပိုမိုတိုးတက်ကောင်းမွန်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ဒီနှစ်မှာ ဖုန်းသုံးတာကို လျော့ပြီး တရားထိုင်တဲ့ အလေ့အကျင့်ေ့ကာင်းကို ပြောင်းလဲပြုလုပ်ကြည့်ပါ။

မနက်ခင်းအလေ့အကျင့်တစ်ခုခုဖန်တီးကြည့်ပါ
နေ့တစ်နေ့ရဲ့အစမှာ ရည်ရွယ်ချက်မရှိဘဲနဲ့ စတင်ခဲ့ရင် တစ်နေ့တာလုံးဟာ အဓိပ္ပာယ်မဲ့နေပြီး လေးလံထိုင်းမှိုင်းနေပါလိမ့်မယ်။ ကိုယ်ရဲ့မနက်ခင်းအလေ့အကျင့်ဟာ တရားထိုင်တာ၊ လေ့ကျင်ခန်းလုပ်တာ၊ အလုပ်အတွက် မေးလ်တွေပြန်တာ အစရှိတဲ့ ဘယ်အရာကိုပဲဖြစ်ဖြစ် လုပ်ထားရင် နေ့လည်စာစားချိန်ရောက်ရင် အလုပ်ပိုပြီးနေသလို ခံစားချက်ကို ရရှိနေစေပါလိမ့်မယ်။ အဲဒီလိုခံစားချက်က ကျန်ရှိနေတဲ့ အလုပ်တွေကို အဆက်မပြတ်လုပ်ချင်လာအောင် ခွန်အားတွေ ရရှိလာစေပါတယ်။ ဒါကြောင့်မို့ အဲဒီမနက်ခင်းအလေ့အကျင့်လေးကို လနဲ့ချီပြီး ပုံမှန်လေးလုပ်ပေးလိုက်ရင် တစ်နှစ်ပတ်လုံးမှာ အောင်မြင်မှုတွေ ရရှိနိုင်အောင် ဖန်တီးနိုင်လာပါလိမ့်မယ်။

ကျရှုံးမှုတွေကနေလေ့လာပါ
၂၀၁၈ တုန်းက အဆိုးဝါးဆုံးဖြစ်ခဲ့တဲ့ ကျရှုံးမှုက ဘာလဲ။ မနှစ်က ပရော်ဖက်ရှင်နယ်ဘဝနဲ့ ကိုယ်ပိုင်ဘဝမှာ မှားခဲ့တဲ့အမှားတွေအကုန်လုံးကို ပြန်ကြည့်ပြီး ဘာကြောင့်မှားခဲ့တာလဲ။ ဘာတွေကို သင်ခန်းစာပြန်ယူလို့ရမလဲဆိုပြီး ခွဲခြမ်းစိတ်ဖြာပြီး ကြည့်ကြည့်ပါ။ ပြန်ကြည့်ပြီးရင်တော့ ဒီနှစ်မှာ တူညီတဲ့အမှားမျိုးတွေကို မဖြစ်အောင် ဘာတွေကို သတိထားပြီး ဆင်ခြင်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ကတိတွေပေးကာ တတ်နိုင်သမျှလည်း မလုပ်မိအောင် ကြိုးစားပါ။ အမှားတွေနဲ့ ကျရှုံးမှုတွေက လူတိုင်းဖြစ်တတ်တာမို့ မှားခဲ့တာကို ပြန်တွေးပြီး ကိုယ့်ကိုယ်ကိုယ်အပြစ်တင်နေမယ့်အစား မမှားအောင် လုပ်လို့ရမယ့်နည်းလမ်းတွေကိုသာ ရှာဖွေပြီး ဆင်ခြင်မယ်ဆိုရင် အောင်မြင်တဲ့ဘဝကို ရရှိပိုင်ဆိုင်လာပါလိမ့်မယ်။

အကြောက်တရားတွေကို ဖယ်ရှားလိုက်ပါ
အကြောက်တရားတွေဟာ ကျရှုံးမှုတွေကို ဦးတည်စေနိုင်လို့ တတ်နိုင်သမျှ ကြောက်စိတ်တွေကို ဖယ်ရှားကြည့်ပါ။ ဒါကြောင့်မို့ တစ်ခုခုလုပ်ခါနီးကျရင် ကြောက်နေမယ့်အစား ဒါကို ငါလုပ်နိုင်တယ် ကျော်ဖြတ်နိုင်တယ်ဆိုပြီး အတွေးပြောင်းကာ လုပ်ဆောင်ကြည့်မယ်ဆိုရင် အခက်အခဲတွေကို ကျော်ဖြတ်နိုင်လာကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်။ ယုံကြည်မှုကနေ အောင်မြင်မှုကို ဖန်တီးနိုင်လို့ အကြောက်တရားကို ရအောင် ဖယ်ရှားကြည့်ပါ။

အောင်မြင်ပြီးပြည့်စုံတဲ့ ဘဝဆိုတာ ဒီအတိုင်းကြီး ရလာတာမဟုတ်တဲ့အတွက် ဒီအချက်တွေကို စည်းမျဉ်းတစ်ခုလိုထားရှိပြီး မချိုးမဖောက်ဘဲ ကျင့်သုံးမယ်ဆိုရင် သာမန်ထက်ထူးကဲ သာလွန်တဲ့ ဘဝကိုတော့ ရရှိပိုင်ဆိုင်နိုင်စေမှာပါ။ ဒီနေ့ကစပြီး ဒီစည်းမျဉ်းတွေနဲ့အတူ ကိုယ်ပိုင်စည်းမျဉ်းလေးတွေ ချမှတ်ပြီး ကျင့်သုံးလိုက်ကြတော့နော်။

H.H(Akhayar)