Fng နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ CIS အခြေစိုက် Dota2 အသင်း Gambit

Alliance Dota2 အသင်းမှာ အငှားကစားသမား အဖြစ် ဝင်ရောက် ကစားလျက်ရှိတဲ့ Artsiom “fng” Barshak ကတော့ မိခင်အသင်းဖြစ်တဲ့ Gambit Dota2 အသင်းနဲ့ နှစ်ဦး သဘောတူ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ Fng နဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ အကြောင်းကို Gambit Esports ဘက်ကတော့ အခုလိုပဲ ကြေညာသွားခဲ့ပါတယ်။

“ဒီနေ့မှာတော့ ကျွန်တော်တို့ Gambit Esports အဖွဲ့အစည်း ကိုယ်စားပြု Dota2 အသင်းရဲ့ ကပ္ပတိန်ကြီး Fng နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ Fng နဲ့ ကျွန်တော်တို့ အသင်း အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးသွားခဲ့တာဖြစ်ပြီး အသင်းဘက်ကရော၊ ကစားသမားဘက်ကပါ သက်တမ်းတိုး စာချုပ် ဆက်လက် မချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အခုလို ကျွန်တော်တို့ Dota2 အသင်းမှာ ၂ နှစ်ကြာ ရှိနေပေးခဲ့တဲ့ အတွက်လည်း Fng ကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အောင်မြင်စေဖို့ ဆုတောင်း ပေးလိုက်ပါတယ်။”

Gambit Dota2 အသင်း အနေနဲ့ ကိုဗစ်-၁၉ ကြောင့် အွန်လိုင်း ပြိုင်ပွဲများ အဖြစ် ပြောင်းလဲ ကျင်းပစဉ် အချိန်က စတင်ပြီး ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိခဲ့သလို အသင်းရဲ့ ကစားသမား အများစုကိုလည်း အခြားအသင်းများသို့ အငှား စေလွှတ်ခဲ့ပါတယ်။ Fng အနေနဲ့ Alliance Dota2 အသင်းမှာ အငှားကစားသမား အဖြစ် မေလကတည်းက သွားရောက် ကစားနေခဲ့တာဖြစ်ပြီး Alliance ကိုယ်စားပြု ကစားသမား အဖြစ် ပြိုင်ပွဲ (၈) ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သလို ပြိုင်ပွဲ အများစုမှာလည်း ထိပ်ဆုံး (၆) သင်း အဆင့်မှာ ရပ်တည်နိုင်အောင် ကူညီ စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း Fng ကို Alliance Dota2 အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် မြင်တွေ့ရမလား ဆိုတာကို လက်ရှိအချိန်အထိ သိရှိရခြင်း မရှိသေးပါဘူး။ Alliance Dota2 အသင်းရဲ့ အမြဲတမ်း ကစားသမားတွေ ဖြစ်ကြတဲ့ S4, Limmp, Handsken, Nikobaby တို့ဘက်ကတော့ Fng ရဲ့ အသင်းအပေါ် ပေးဆပ်လိုစိတ်နဲ့ ပတ်သက်ပြီး ချီးကျူးမှုတွေ ပြုလုပ်ခဲ့တာကြောင့် မကြာခင် အချိန်အတွင်းမှာ Fng ကို Alliance Dota2 အသင်းရဲ့ အမြဲတမ်း ကစားသမား အဖြစ် မြင်တွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။

REF: VpEsports