အဓိက ကစားသမား စာရင်းကနေ နှုတ်ထွက်သွားခဲ့တဲ့ Schalke LoL အသင်းရဲ့ Bot Lane ကစားသမား FORG1VEN
Schalke 04 LoL အသင်းရဲ့ Bot Lane ကစားသမားဖြစ်သူ Konstantinos “FORG1VEN” Tzortziou အနေနဲ့ အသင်းရဲ့ အဓိက ကစားသမား စာရင်းကနေ နှုတ်ထွက်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပါတယ်။ FORG1VEN ရဲ့ ပြောကြားချက်များအရ Schalke LoL အသင်းရဲ့ ကစားသမားတွေ အနေနဲ့ အနိုင်ယူဖို့ ကြိုစားချင်စိတ် မရှိတော့တာကြောင့် အခုလို ဆုံးဖြတ်လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျွန်တော် ပရိုဖက်ရှင်နယ် LoL ကစားသမား ဘဝ အဖြစ် ဖြတ်သန်းခဲ့တဲ့ (၇) နှစ်တာ ကာလပတ်လုံး အနိုင်ရရှိဖို့ အတွက် ယှဥ်ပြိုင်ခဲ့တယ်။ တိုက်ပွဲစိတ်ဓာတ် အပြည့်နဲ့ ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း Schalke 04 LoL အသင်းရဲ့ ကစားသမားတွေကတော့ ကျွန်တော့်ရဲ့ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် Schalke 04 LoL အသင်းရဲ့ တာဝန်ရှိသူတွေ ကစားသမား စာရင်းကို အပြောင်းအလဲ မပြုလုပ်မခြင်း အဓိက ကစားသမား အဖြစ်ကနေ ခေတ္တ နှုတ်ထွက်ဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ရတာ ဖြစ်ပါတယ်။”
လက်ရှိအချိန်မှာ Schalke 04 LoL အသင်း အနေနဲ့ နာမည်ကျော် G2 Esports LoL အသင်း တစ်သင်းတည်းကိုသာ အနိုင်ရရှိခဲ့ပြီး ကျန်ပွဲစဥ်အားလုံးမှာ ရှုံးနိမ့်ခဲ့တာကြောင့် တစ်ပွဲနိုင်၊ ခုနှစ်ပွဲရှုံး ရလဒ်ဖြင့် အဆင့် (၉) နေရာမှာ ရပ်တည်လျက် ရှိပါတယ်။ Schalke 04 LoL အသင်း အနေနဲ့ FORG1VEN ရဲ့ နေရာမှာ Schalke Academy LoL အသင်းရဲ့ ကစားသမားဖြစ်သူ Nihat “Innaxe” Aliev ကို အစားထိုးခဲ့ပါတယ်။
Schalke 04 LoL အသင်း အနေနဲ့ FORG1VEN ကို 2020 LOL ရာသီ မစတင်ခင် အချိန်မှာ ပြောင်းရွေ့ကြေး အမြောက်အများ ပေးချေပြီး ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း FORG1VEN တစ်ယောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခြင်း မရှိတဲ့အပြင် LEC ပြိုင်ပွဲရဲ့ အသေအများဆုံး Bot Laner တွေထဲမှာ တစ်ဦး အပါအဝင် အဖြစ် ရပ်တည်လျက် ရှိပါတယ်။
ဒါ့အပြင် FORG1VEN အနေနဲ့ ယခင် အချိန်တွေကတည်းက အားကစားစိတ်ဓာတ် မရှိခြင်း၊ အသင်းဖော်တွေ အပေါ် အပြစ်တင် ပြောဆိုခြင်းတို့ကြောင့် နာမည်ဆိုး ထွက်ခဲ့သေးတာကြောင့် Schalke 04 အနေနဲ့ FORG1VEN တောင်းဆိုတဲ့ အတိုင်း ကစားသမား အသစ်တွေ ခေါ်ယူပြီး အသင်းကို ပြောင်းလဲမှုတွေ ပြုလုပ်သွားမလား ဒါမှမဟုတ် အသင်းရဲ့ အရံကစားသမား အဖြစ်ပဲ ဆက်လက် ထားရှိသွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
REF: VpEsports