ကစားသမား အပြောင်းအလဲတွေ ထပ်မံ ပြုလုပ်ခဲ့တဲ့ Dota 2 အသင်း HellRaisers

The International 2019 ပြိုင်ပွဲကြီး ပြီးဆုံးသွားချိန်မှာ ရုရှားနိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း HellRaiers အနေနဲ့ Dota 2 လောကထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Minor ပြိုင်ပွဲ Dota Summit 11 မှာ တတိယဆုကို စွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ကျေနပ်နိုင်ခြင်း မရှိဘဲ ကစားသမား အပြောင်းအလဲတွေ ထပ်ခါထပ်ခါ ပြုလုပ်ခဲ့ပါတယ်။

အခုလို ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့်လည်း HR Dota 2 အသင်း အနေနဲ့ ဒုတိယမြောက် Major/Minor လက်ရည်စစ်ပွဲမှာ ကျရှုံးခဲ့တာကြောင့် တတိယမြောက် Major/ Minor လက်ရည်စစ်ပွဲ ကျင်းပဖို့ တစ်ပတ်ခန့် အလိုမှာ ကစားသမား အပြောင်းအလဲတွေကို ထပ်မံ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။

အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ HR Dota 2 အသင်းမှာ မျက်နှာသစ် ကစားသမားတွေ ပါဝင်လာခဲ့သလို CIS ဒေသရဲ့ နာမည်ကျော် ကစားသမားတွေလည်း ပါဝင်လို့ လာခဲ့ပါတယ်။ အခုလို ကစားသမား အသစ်တွေနဲ့ HR Dota 2 အသင်းကို ပြန်လည် ဖွဲ့စည်းလိုက်ရခြင်းနဲ့ ပတ်သတ်ပြီး HR Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Alex “Magician” Slabukhin ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော်တို့တွေ ဒုတိယမြောက် Major/ Minor လက်ရည်စစ်ပွဲမှာ‌ အောင်မြင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ အဲဒီအတွက် ဝမ်းနည်းမိပေမယ့် အရှုံးမပေးလိုက်ဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းနိုင်ဖို့ အတွက် ဇန်နဝါရီလ အတွင်းမှာ ကစားသမားပေါင်း များစွာကို ခေါ်ယူပြီး စမ်းသပ်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကျွန်‌တော် စိတ်ကျေနပ် သဘောကျတဲ့ ကစားသမားတွေ ပါဝင်တဲ့ Dota 2 အသင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။”

Funn1k

အသစ်ဖွဲ့စည်းလိုက်တဲ့ HR Dota 2 အသင်းမှာ ယခင် HR Dota 2 အသင်းရဲ့ ကစားသမားဟောင်းတွေလည်းဖြစ်၊ CIS Dota 2 လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေနိုင်ပြီဖြစ်တဲ့ ကစားသမားတွေလည်းဖြစ်ကြတဲ့ Yaraslav “Miposhka” Naidenov နဲ့ Alexander “Nix” Levin တို့ ပြန်လည် ပါဝင်လာခဲ့သလို Natus Vincere Dota 2 အသင်းနဲ့ အတူ အောင်မြင်မှုပေါင်းများစွာကို စွတ်ခူးနိုင်ခဲ့တဲ့ နာမည်ကျော် Offlane ကစားသမား Gleb “Funn1k” Lipatnikov လည်း ပါဝင်လို့ လာခဲ့ပါတယ်။

Miposhka

ဒါ့အပြင် HR Dota 2 အသင်းရဲ့ Pos 2 နေရာအတွက် ပြီးခဲ့တဲ့ The International 2019 CIS ဒေသတွင်း လက်ရည်စစ်ပွဲ တစ်လျှောက် Vega Squadron Dota 2 အသင်းနဲ့အတူ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ Xanni ကို ခေါ်ယူခဲ့ပါတယ်။ Pos 5 နေရာအတွက်ကိုတော့ CIS ဒေသရဲ့ နာမည်ကျော် Streamer တစ်ဦးဖြစ်သူ Georgiy “Gilgir” Svistunov ကို ခေါ်ယူခဲ့ပါတယ်။ Gilgir အနေနဲ့ ပရိုဖက်ရှင်နယ် Dota 2 လောကထဲကို ယခုအချိန်မှသာ စတင် ဝင်ရောက်လာတာ ဖြစ်ပေမယ့် Streamer အဖြစ် ကစားခဲ့တဲ့ ပွဲစဥ်တွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် အခုလို ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။

Nix

HR Dota 2 အသင်းသစ် အနေနဲ့ ဇန်နဝါရီလ ၂၈ နေ့မှာ စတင် ကျင်းပလျက်ရှိတဲ့ Hainan Master Spring Invitational CIS ဒေသတွင်း လက်ရည်စစ်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်သွားမှာ ဖြစ်တာကြောင့် CEO ဖြစ်သူ Magical မျှော်လင့်ထားသလို အောင်မြင်မှုတွေကို စွတ်ခူးသွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

HR Dota 2 အသင်းရဲ့ လက်ရှိ ကစားသမား စာရင်းက‌တော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • Alexander “Nix” Levin – Pos 1
  • Arslan “Xannii” Shadjanov – Pos 2
  • Gleb “Funn1k” Lipatnikov – Pos 3
  • Yaroslav “Miposhka” Naidenov – Pos 4
  • Georgiy “Gilgir” Svistunov – Pos 5
  • Aleksandr “Accell” Litvinenko – Coach

REF: VpEsports