COVID-19 ဝေဒနာသည်များအတွက် ဝမ်ငါးသန်း လှူဒါန်းသွားခဲ့တဲ့ Gen.G LoL အသင်း ကစားသမား BDD

LCK ပြိုင်ပွဲမှာ ဝင်ရောက် ယှဥ်ပြိုင်လျက်ရှိတဲ့ ကိုရီးယားနိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် LoL အသင်း Gen.G ရဲ့ Mid Lane ကစားသမားဖြစ်သူ BDD ကတော့ (၂၁) နှစ်ပြည့် မွေးနေ့ အလှူအဖြစ် COVID-19 ဝေဒနာသည်တွေ အတွက် ကိုရီးယားဝမ် ငါးသန်း (အမေရိကန်ဒေါ်လာ ၄၁၀၀ ခန့်) လှူဒါန်းသွားခဲ့ပါတယ်။

BDD အနေနဲ့ မတ်လ (၁) ရက်နေ့မှာ ကျရောက်မယ့် (၂၁) နှစ်ပြည့် မွေးနေ့ကို အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းချင်တာကြောင့် အခုလို လှူဒါန်းခဲ့ရတာ ဖြစ်တယ်လို့ ပြောကာားသွားခဲ့ပါတယ်။

“ယခု ဖြစ်ရပ်ဆိုးနဲ့ ပတ်သတ်ပြီး ကျွန်တော် တကယ်ကို‌ ဝမ်းနည်းမိပါတယ်။ အရင်နှစ်တွတုန်းကဆို ကျွန်တော့် ပရိသတ်တွေနဲ့ အတူ မွေးနေ့ပွဲ ကျင်းပရင်း မွေးနေ့အချိန်အခါ သမယကို အတူတကွ ဖြတ်သန်းခွင့် ရရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ပရိသတ်တွေနဲ့ အတူတကွ ရှိနေခွင့် ရရှိတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ကျွန်တော့် ပရိသတ်တွေ ဂုဏ်ယူရလောက်တဲ့ ကစားသမားကောင်း တစ်ယောက် ဖြစ်လာအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ ကျွန်တော့်ကို အခုချိန်ထိ အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း အထူးပင် ကျေးဇူးတင်ပါတယ်။”

BDD အနေနဲ့ Gen.G LoL အသင်းရဲ့ အဓိက ကစားသမား တစ်ဦးအဖြစ် LCK Spring 2020 ပြိုင်ပွဲ တစ်လျှောက် ကောင်းမွန်တဲ့ စွမ်း‌ဆောင်ရည်တွေကို ပြသလျက်ရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း Gen.G Esports အဖွဲ့အစည်း အပိုင် Overwatch အသင်း Seoul Dynasty အနေနဲ့လည်း မတ်လအတွင်း In-Game Skin ရောင်းချရငွေတွေကို COVID-19 ဝေဒနာသည်တွေ အတွက် လှူဒါန်းသွားမှာဖြစ်ကြောင်းကို ကြေငြာသွားခဲ့ပါတယ်။

REF: VpEsports