DreamHack Open Anaheim ပြိုင်ပွဲမှာ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Gen.G

နာမည်ကျော် Esports အဖွဲ့အစည်း Gen.G အနေနဲ့ Cloud9 CSGO အသင်းရဲ့ အဓိက ကစားသမား သုံးဦးဖြစ်တဲ့ Autimatic, Daps, Koosta ၊ Envy CSGO အသင်းရဲ့ ကစားသမားဖြစ်သူ s0m ၊ Tyloo CSGO အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ BnTeT တို့ကို ခေါ်ယူကာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၆ ရက်နေ့မှာ CSGO လောက အထဲကို ပြန်လည် ဝင်ရောက်လို့ လာခဲ့ပါတယ်။

Gen.G CSGO အသင်းကို ပြန်လည် ဖွဲ့စည်းခဲ့စဥ် အချိန်ကတည်းက ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် နောက်ဆုံး ယှဥ်ပြိုင်ခဲ့တဲ့ DreamHack Open Anaheim 2020 ပြိုင်ပွဲတစ်လျှောက်မှာတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အပြင် ချန်ပီယံဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ DreamHack Open Anaheim 2020 ပြိုင်ပွဲမှာ ပရိုဖက်ရှင်နယ် CSGO အသင်း စုစုပေါင်း (၈) သင်း ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။

Gen.G CSGO အသင်း အနေနဲ့ DreamHack Open Anaheim 2020 ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဥ်တွေမှာ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ ENCE CSGO အသင်းကို (၁၆-၁၄) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့သလို COL CSGO အသင်းကိုလည်း (၁၆-၁၃) ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့တာကြောင့် အုပ်စုဘီရဲ့ ပထမနေရာကို သိမ်းပိုက်ကာ Playoffs အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Playoffs အဆင့်မှာ အုပ်စုအေရဲ့ ဒုတိယနေရာကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းလည်းဖြစ်၊ Kjaerbye, Cajunb, MSL စတဲ့ နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ အသင်းလည်းဖြစ်တဲ့ North CSGO အသင်းနဲ့ ယှဥ်ပြိုင်ခဲ့ရပါတယ်။ Playoff အဆင့် ပွဲစဥ်တွေကို Best of 3 Format ဖြင့် ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပြီး Gen.G အနေနဲ့ North CSGO အသင်းကို Dust II မှာ (၁၆-၁၃) ၊ Mirage မှာ (၁၆-၁၄) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် Grand Final အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

Grand Final အဆင့်မှာ ဘရာဇီးနိုင်ငံသား‌တွေနဲ့ ဖွဲ့စည်းထားတဲ့ FURIA Esports နဲ့ ယှဥ်ပြိုင်ခဲ့ရပြီး အဆိုပါ ပွဲစဥ်မှာလည်း Furia Esports ကို Nuke မှာ (၁၆-၇) ၊ Inferno မှာ (၁၉-၁၅) စတဲ့ ရလဒ်တွေနဲ့ အနိုင်ယူနိုင်ခဲ့တာကြောင့် DreamHack Open Anahiem 2020 ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို ရယူနိုင်ခဲ့သလို ဆုကြေးငွေ ဒေါ်လာ ငါးသောင်းကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် Gen.G CSGO အသင်း အနေနဲ့ DreamHack Open Anaheim 2020 ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာကြောင့် ဇွန်လ ၉ ရက်နေ့မှာ စတင် ကျင်းပသွားမယ့် DreamHack Masters Jonkoping 2020 ပြိုင်ပွဲကြီးမှာ တိုက်ရိုက် ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကိုလည်း ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports