ပထမဆုံး Esports Visa ထုတ်ပေးသွားမယ့် နိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ ဂျာမနီ

Esports လောကသားတွေ အနေနဲ့ In-Game ပြင်ပ အဓိက ရင်ဆိုင်ရလေ့ရှိတဲ့ ပြဿနာ တစ်ခု ရှိပါတယ်။ အဲဒါကတော့ Visa ရရှိရန် အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်းပဲ ဖြစ်ပါတယ်။ အချို့သော နိုင်ငံတွေ အနေနဲ့ Esports ကစားသမားတွေကို ပြည်ဝင်ခွင့် ဗီဇာပေးဖို့ အတွက် စစ်ဆေး မေးမြန်းမှုတွေ များပြားတာကြောင့် တစ်ခါတရံမှာ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ဆုံးရှုံးခဲ့ရတာတွေ၊ ပြိုင်ပွဲစတင်ပြီး အချိန် အနည်းငယ် အကြာမှသာ ရောက်ရှိလာတာတွေစတဲ့ ပြဿနာတွေကို ပရိုဖက်ရှင်နယ် Esports ကစားသမား အများစု အနေနဲ့ ရင်ဆိုင်ရလေ့ ရှိကြပါတယ်။

ယခုအခါမှာတော့ ဂျာမနီနိုင်ငံ ဖက်ဒရယ် အစိုးရ အနေနဲ့ လာမယ့် ၂၀၂၀ မတ်လဆန်းက စတင်ပြီး Esports ဗီဇာတွေ ထုတ်ပေးသွားမှာ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အခုလို ဂျာမနီနိုင်ငံ အနေနဲ့ Esports ဗီဇာကို ထုတ်ပေးသွားမှာ ဖြစ်တာကြောင့် ဂျာမနီနိုင်ငံ ပြင်ပမှ Esports ကစားသမားတွေ အနေနဲ့လည်း ဂျာမနီနိုင်ငံ အတွင်းမှ ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် အလွယ်တကူ သွားလာနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျာမနီနိုင်ငံ အတွင်း Esports ပြိုင်ပွဲတွေဖြစ်တဲ့ LoL, CSGO, PUBG စတဲ့ ပြိုင်ပွဲပေါင်း များစွာကို ကျင်းပလျက် ရှိတာကြောင့် အခုလို Esports ဗီဇာကို ထုတ်ပေးလိုက်ခြင်းက နိုင်ငံတော် အာဏာပိုင်တွေ အနေနဲ့ Esprots ကို အသိအမှတ်ပြုတာကြောင့် တစ်ဖက်တစ်လှမ်းကနေ အထောက်အပံ့ ပေးလိုက်တာ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

Esports ဗီဇာကို ထုတ်ပေးဖို့ အတွက်၊ Esports ပြိုင်ပွဲတွေကို အစိုးရဘက်က အသိအမှတ်ပြုလာစေဖို့ အတွက် ဂျာမနီ Esports အဖွဲ့အစည်း အနေနဲ့ နှစ်ကာလပေါင်း များစွာ ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ အခုလို Esports ဗီဇာ ထုတ်ပေးရန် ခွင့်ပြုမိန့် ရရှိခဲ့ခြင်းနဲ့ ပတ်သတ်ပြီး German Esports Federation (ESBD) ရဲ့ ဥက္ကဌဖြစ်သူ Hans Jagnow ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

Hans Jagnow

“ဂျာမနီ Esports ဗီဇာဟာဆိုရင် ကျွန်တော်တို့ ဂျာမနီနိုင်ငံ အတွင်းမှာ ပြိုင်ပွဲပေါင်း များစွာ လက်ခံ ကျင်းပသွားနိုင်ဖို့ အတွက် များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Esports ဗီဇာ ထုတ်ပေးမယ့် ပထမဆုံး နိုင်ငံအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တဲ့ အတွက်လည်း အထူးပင် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်။ နိုင်ငံတကာ Esports ပြိုင်ပွဲပေါင်း များစွာကိုလည်း ဂျာမနီနိုင်ငံ အတွင်းမှာ မကြာမီ အချိန်အတွင်း ကျင်းပသွားနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်။ ဂျာမနီ Esports ဗီဇာ ရရှိရေးနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်အလက်တွေကိုလည်း Esports အဖွဲ့အစည်း အားလုံးကို အတိအလင်း ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။”

ဂျာမနီ Esports ဗီဇာကို ရယူချင်တယ် ဆိုရင် အနည်းဆုံး အသက် ၁၆ နှစ် ရှိရမှာဖြစ်ပြီး၊ Esports အဖွဲ့အစည်း တစ်ခုခုမှာ ပရိုဖက်ရှင်နယ် ကစားသမား အဖြစ် ကစားနေကြောင်း‌ ထောက်ခံချက်နဲ့ လစာနှုန်းထားကိုတော့ တင်ပြပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ အနေနဲ့ ပထမဆုံး Esports ဗီဇာကို ၂၀၂၀ ခုနှစ် မတ်လဆန်းမှာ ထုတ်ပေးသွားမှာ ဖြစ်တာကြောင့် သိပ်မကြာခင် အချိန်အတွင်းမှာ Esports ယဉ်ကျေးမှု ထွန်းကားလျက်ရှိတဲ့ အခြားသော နိုင်ငံတွေ အနေနဲ့လည်း Esports ဗီဇာတွေ ထုတ်ပေးသွားတာကို မြင်တွေ့ရဖွယ် ရှိပါတယ်။

REF: Afkgaming