HLTV ရဲ့ ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ZywOo

ZywOo ဆိုတာကတော့ အသက် (၁၉) နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်နိုင်ငံသား ပရိုဖက်ရှင်နယ် CSGO ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ZywOo အနေနဲ့ ပရိုဖက်ရှင်နယ် CSGO လောက အထဲကို ၂၀၁၈ ခုနှစ်မှ ဝင်ရောက် လာခဲ့တာ ဖြစ်ပေမယ့် အောင်မြင်မှုပေါင်း များစွာကို စွတ်ခူးနိုင်ခဲ့ပြီ ဖြစ်သလို ယခုအခါမှာလည်း HLTV ရဲ့ ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမားအဖြစ် သတ်မှတ်ခြင်းကို ခံယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ZywOo အနေနဲ့ ပရိုဖက်ရှင်နယ် CSGO လောက အထဲကို ဝင်ရောက် မလာခင် ၂၀၁၇ ခုနှစ်ကတည်းက CSGO ချစ်ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်ခြင်းကို ခံယူနိုင်ခဲ့သလို FACEIT က ကြီးမှူးကျင်းပတဲ့ FPL ပြိုင်ပွဲတွေမှာလည်း ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

ZywOo အနေနဲ့ ပရိုဖက်ရှင်နယ် CSGO ကစားသမား ဘဝကို Vitality CSGO အသင်းရဲ့ AWP ကစားသမား အဖြစ် အောက်တိုဘာလ ၂၀၁၈ ခုနှစ်မှာ ခံယူခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်းမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲအများစုမှာ အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပြသနိုင်ခဲ့ပါတယ်။

ZywOo အနေနဲ့ ပရိုဖက်ရှင်နယ် ကစားသမား ဘဝ ပထမဆုံး ရာသီ ဖြစ်ပေမယ့် CSGO လောကရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Nicolai “device” Reedtz, Aleksandr “s1mple” Kostyliev တို့ကို ကျော်လွန်ကာ HLTV ရဲ့ ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမား အဖြစ် သတ်မှတ်ခြင်းကို ခံယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး CSGO ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံယူနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး ZywOo ကတော့ အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ပရိုဖက်ရှင်နယ် ကစားသမား ဘဝ ပထမဆုံး ရာသီမှာပဲ အခုလို ဆုကြီးကို ရယူနိုင်ခဲ့တဲ့ အတွက် တကယ်ကို ကျေနပ်မိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်မှာ သင်ယူစရာတွေ အများကြီး လိုအပ်နေသေးတယ်လို့ ထင်မြင်မိပါတယ်။ အနာဂတ်မှာ အခုထက် ပိုပြီး အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်။ Vitality CSGO အသင်းကိုလည်း ကျွန်တော့်ကို ယုံယုံကြည်ကြည်နဲ့ အခွင့်အရေး ပေးခဲ့တာကြောင့် အထူးပဲ ကျေးဇူးတင်မိပါတယ်။”

Simple

ZywOo နောက် ဒုတိယနေရာမှာ ရပ်တည်နေခဲ့တဲ့ ကစားသမားကတော့ ၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး CSGO ကစားသမား အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ Simple ပဲ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ HLTV ရဲ့ ကမ္ဘာ့အကောင်းဆုံး CSGO ဆုကို (၂) နှစ်ဆက်တိုက် ရယူနိုင်ခဲ့တာ GeT_RiGhT (2013, 2014) နဲ့ Coldzera (2016, 2017) တို့ နှစ်ဦးသာ ရှိသေးတာကြောင့် ZywOo တစ်ယောက် ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး CSGOကစားသမား အဖြစ် ရပ်တည်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: DotEsports