တစ်ချိန်က ရွှေခေတ်ဖြစ်ခဲ့တဲ့ ကစားကွင်းအဟောင်းတွေ

ကမ္ဘာအရပ်ရပ်မှာ မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ကလေးတွေအတွက် အပန်းဖြေဖို့ တည်ဆောက်ထားတဲ့ ကစားကွင်းတွေ အများကြီးရှိပါတယ်။ ဒီထဲက တချို့ကစားကွင်းတွေက လူသန်းချီထိ ဝင်ရောက်မှု များခဲ့ပေမယ့် ရေစီးတစ်ခါ ရေသာတလှည့်ဆိုသလို ကျရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေထဲကမှ အထင်ကရဖြစ်ခဲ့တဲ့ အကြောင်းအရာတချို့ကို အခရာက ဖော်ပြပေးလိုက်ပါတယ်။

ဗီယက်နမ်က Water Park အဟောင်း

Hue မြို့ဟာ ဗီယက်နမ်နိုင်ငံမှာ သွားအလည်သင့်ဆုံး နေရာတစ်ခုဖြစ်ပါတယ်။ ဒီထဲကမှ Ho Thuy Tien လို့ခေါ်တဲ့ Water Park ဟာ မြို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ နေရာတွေထဲက တစ်ခုပါ။ ဒါပေမယ့် ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာတော့ အဲ့လိုမဟုတ်တော့ပါဘူး။ ဒီ Water Park ဟာ မိသားစုတွေ အပန်းဖြေထွက်လို့ရမယ့် နေရာတစ်ခုအဖြစ် ရည်ရွယ်ပြီးတော့ ကစားကွင်းတွေ၊ ရေလွှာလျှောစီးတွေ၊ ငါးပြတိုက်တွေ ထည့်သွင်းမယ့် ဒီပရောဂျက်ကို အမေရိကန်ဒေါ်လာ ၃ သန်း အကုန်ကျခံပြီး တည်ဆောက်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ဖွင့်ပွဲနေ့ထိတိုင်အောင် မပြီးဆုံးနိုင်သေးတာကြောင့် လာရောက်လည်ပတ်သူတွေလည်း နည်းပါးခဲ့ပြီး နောက်ထပ် ရင်းနှီးမြှုပ်နှံသူလက်ထဲရောက်တဲ့အချိန်မှာတော့ ဘယ်လိုမှ မထူထောင်နိုင်လောက်အောင် ဖြစ်ခဲ့ရတဲ့အတွက် ဒီအတိုင်းပဲ စွန့်ပစ်ထားလိုက်တာပါ။ အခုချိန်မှာတော့  ရေညှိတွေ အထပ်ထပ်တက်နေတဲ့ Ho Thuy Tien Water Park ကိုသွားချင်တယ်ဆိုရင်တော့ ဂိတ်ဝင်ကြေးပေးပြီးမှ ဝင်လို့ရမှာ ဖြစ်ပါတယ်။

ဘာလင်တံတိုင်းကြီးနဲ့အတူ ကျဆုံးသွားတဲ့ ဟန်ဂေရီပန်းခြံ
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းကြောင်းတွေနဲ့ ပြည့်နေတဲ့ စွန့်ပစ်ကစားကွင်း တစ်ခုကတော့ ဟန်ဂေရီနိုင်ငံမှာ ရှိပါတယ်။ ၁၉၅၃ ခုနှစ်မှာ ဖွင့်ခဲ့တဲ့ Dunaujvarosi Vidampark ပန်းခြံဟာ ဟန်ဂေရီ ကွန်မြူနစ်အစိုးရဆီကရတဲ့ ရန်ပုံငွေတွေနဲ့ အသက်ဆက်ရှင်ခဲ့ရပေမယ့် အစိုးရကျဆုံးသွားပြီးချိန် ဘာလင်တံတိုင်းကြီး ဖြိုဖျက်လိုက်ပြီး မကြာခင်မှာပဲ ၁၉၉၃ ခုနှစ်မှာတော့ အပြီးပိတ်လိုက်ရပါတော့တယ်။

ဘာလင်က Spreepark ကစားကွင်း

Spreepark လို့ခေါ်တဲ့ ဂျာမနီနိုင်ငံက ကစားကွင်းဟာ ၁၉၆၉ ခုနှစ်မှာ ဖွင့်ခဲ့ြ့ပီး စဖွင့်တုန်းကတော့ Kulturpark Planterwald နာမည်နဲ့ ဖွင့်ခဲ့တာပါ။ သူ့ခေတ်သူ့အခါက နာမည်ကြီးခဲ့တဲ့ Spreepark ကို အလည်လာသူဦးရေ ၂သန်းနီးပါးထိ ရှိခဲ့ပါတယ်။ ထိုင်ခုံပေါင်း ၁၄၀ ရှိတဲ့ ချားရဟတ်ကြောင့် နာမည်ကြီးခဲ့တဲ့ Spreepark က ၂၀၀၁ ခုနှစ် ရောက်တဲ့အခါမှာတာ့ သူ့ရွှေခေတ်အချိန်တွေဟာ အတိတ်က အကြောင်းအရာ တစ်ခုသာ ဖြစ်လာခဲ့ပါတော့တယ်။ ကစားကွင်းလာတဲ့သူတွေလည်း နည်းသထက် နည်းလာပြီး ၂၀၀၂ ခုနှစ်မှာတော့ အပြီးပိတ်လိုက်ပါတော့တယ်။

Disney Land ကြောင့် ပျောက်ကွယ်ခဲ့တဲ့ Nara Dreamland

ဂျပန်လူမျိုး စွန့်ဦးတီထွင်တစ်ယောက်က ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ Disneyland ကိုသွားတုန်းကရခဲ့တဲ့ အိုင်ဒီယာတွေကို အကောင်အထည်ဖော်တဲ့အနေနဲ့ ၁၉၆၁ ခုနှစ်မှာ Nara Dreamland ဆိုပြီး ဂျပန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၆၀ ခုနှစ်ကာလတွေမှာတော့ ဂျပန်နိုင်ငံမှာ လူကြိုက်များခဲ့တဲ့ Nara Dreamland ကတော့ နှစ်တွေကြာလာတဲ့အခါမှာ လူတွေရဲ့ စိတ်ဝင်စားမှုရရှိခြင်း မခံရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဂျပန်နိုင်ငံမှာ Disneyland လာဖွင့်တဲ့အချိန်ကစပြီး

Nara Dreamland ရဲ့ ကျဆုံးခန်း ရောက်ရှိလာတော့တာပါပဲ။ ၄၅ နှစ်ကြာပြီးနောက်၂၀၀၆ ခုနှစ်မှာတော့ Nara Dreamland ကို ပိတ်လိုက်ရပါတော့တယ်။ အခုချိန်မှာ Nara Dreamland ရဲ့ ပုံကို မြင်ချင်တယ်ဆိုရင်တော့ ပုံမှာ မြင်တဲ့အတိုင်း ချုံနွယ်အထပ်ထပ်တွေနဲ့ ဖြစ်နေမှာပါ။

Reference and Photo Credit – thetravel.com, Lonely Planet

NSC (Akhayar)