အသက် (၄ဝ) ကျော်မှ နာမည်ကျော်ခဲ့ကြတဲ့ အနုပညာရှင်ကြီး (၅) ဦ

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကြိုစားပါစေ ကံတရားက မျက်နှာသာ မပေးရင် ဘာမှဖြစ်မလာသေးပါဘူး။ ကြိုးစားနှုန်းကလည်း မလျော့ဘူး ကံတရားကလည်း မျက်နှာသာ ပေးလာမယ်ဆိုရင်တော့ တစ်ဟုန်ထိုးကျော်ကြားတော့တာပဲ။ မြင်လွယ်အောင် ပြောရရင် Daniel Radcliffe ၊ Emma Watson နဲ့ Leonardo DiCaprio တို့လို သရုပ်ဆောင်တွေက ငယ်စဉ်ဘဝတည်းက နာမည်ကြီးခဲ့ပေမယ့် တချို့သရုပ်ဆောင်တွေကျတော့ ခုတ်ရာက တစ်ခြား ရှာရာက တစ်ခြားဖြစ်ပြီးတော့ သူတို့ရဲ့ငယ်ရွယ်မှုတွေကို စတေးခဲ့ရပါတယ်။ အခုဖော်ပြပေးမယ့် သရုပ်ဆောင်တွေက အသက် (၄ဝ) ကျော်မှ နာမည်ကျော်ခဲ့တဲ့သူတွေပါပဲ။

(၅) Jean Reno
၁၉၄၈ခုနှစ် ဇူလိုင်လ (၃ဝ) ရက်နေ့မှာ မင်းသားကြီး Jean Reno ကို မော်ရိုကိုနိုင်ငံမှာ မွေးဖွားခဲ့ပါတယ်။ အသက် (၁၇) နှစ်မှာ သရုပ်ဆောင်ပညာကို လေ့လာဖို့ ပြင်သစ်နိုင်ငံကို ပြောင်းခဲ့တယ်။ ပြင်သစ်နိုင်ငံသား ခံယူဖို့ စစ်တပ်မှာ အမှုထမ်းခဲ့သေးတယ်။ တကယ်တမ်း အနုပညာလောကထဲ ဝင်တဲ့အချိန်က ၁၉၇၇ခုနှစ်။ အဲဒီအချိန်မှာ သူက (၂၉) နှစ်ရှိနေပြီ။ အနုပညာလောကမှာ စုန်ချီဆန်ချီ ကူးခတ်နေရင်း အသက် (၄ဝ) ကျော်တဲ့အထိ နာမည်မကျော်သေးပါဘူး။ Léon: The Professional (1994) ဇာတ်ကားမှာ သရုပ်ဆောင်မှသာ ကမ္ဘာကျော်မင်းသားဖြစ်လာတာပါ။

(၄) Melissa Ann McCarthy
ဟာသမယ် Melissa Ann McCarthy ကိုမြင်လိုက်တိုင်း Spy (2015) ဇာတ်ကားကို သတိရမိပါတယ်။ ကိုလူချောကြီး Jason Statham နဲ့ တွဲဖက်ရင်း ခွကျကျသရုပ်ဆောင်ချက်တွေက ဟာသမြောက်လွန်းပါတယ်။ ၁၉၇ဝခုနှစ် သြဂုတ်လ (၂၆) ရက်နေ့မှာ မွေးဖွားတဲ့သူမဟာ အနုပညာလောကကို ၁၉၉၇ခုနှစ်မှာ ဝင်ရောက်ခဲ့တယ်။ ဒါပေမယ့် Bridesmaids (2011) ဇာတ်ကားမှသာ နာမည်ကျော်ခဲ့တာပါ။ အဲဒီအချိန်မှာတော့ သူမဟာ (၄၁) နှစ်ရှိနေပါပြီ။ Can You Ever Forgive Me? (2018) ရုပ်ရှင်မှာလည်း အကောင်းဆုံးဇာတ်ဆောင်ဆုအနေနဲ့ ဆန်ခါတင်ဝင်ခဲ့ပါတယ်။

(၃) Samuel L Jackson
မင်းသားကြီး Samuel L Jackson ကို ၁၉၄၈ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဇာတ်ပို့သရုပ်ဆောင်ဆိုပေမယ့် ဇာတ်ရုပ်မျိုးစုံပီပြင်အောင် အသုံးတော်ခံခဲ့လို့သာ အနုပညာကြေးအများဆုံးရတဲ့ သရုပ်ဆောင်အဖြစ် ရပ်တည်နေနိုင်တာပါ။ ၁၉၇၂ခုနှစ်မှာ အနုပညာလောကထဲကို ဝင်တယ်ဆိုပေမယ့် အောင်မြင်မှုကြီးကြီးမားမား မရသေးပါဘူး။ ဂန္ထဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့ Pulp Fiction (1994) ဇာတ်လမ်းမှာ သရုပ်ဆောင်လိုက်မှသာ လူသိများလာတာပါ။ အဲဒီအချိန်မှာ သူ့အသက်က (၄၆) နှစ်ဖြစ်နေပါပြီ။

(၂) Kathy Bates
Kathy Bates ကို ၁၉၄၈ခုနှစ် ဇွန်လ (၂၈) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အနုပညာလောကထဲကို ၁၉၇၁ခုနှစ်မှာ Taking Off (1971) ဇာတ်ကားနဲ့ ဝင်ရောက်ခဲ့ပေမယ့် ပရိသတ်လက်မခံသေးပါဘူး။ မထင်မရှားဇာတ်ရုပ်တွေမှာ အသုံးတော်ခံရင်း Misery (1990) ဇာတ်ကားမှာ တစ်ဟုန်ထိုးအောင်မြင်ခဲ့ပါတယ်။ Misery (1990) ဇာတ်ကားမှာ ဇာတ်ဆောင်နေရာက အကယ်ဒမီဆုနဲ့ ရွှေကမ္ဘာလုံးဆု (Golden Globe Awards) တွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူမ အသက်က (၄၂) နှစ်ရှိနေပါပြီ။

(၁) Morgan Freeman
မင်းသားကြီး Morgan Freeman ကို ၁၉၃၇ခုနှစ် ဇွန်လ (၁) ရက်နေ့မှာ မွေးဖွားခဲ့တယ်။ အမေရိကန်လေတပ်မှာ လေးနှစ်ကြာအောင် စစ်မှုထမ်းခဲ့သေးတယ်။ အနုပညာအလုပ်ကို ၁၉၆၄ခုနှစ်က စတင်ပြီး တက်အားသရွေ့လုပ်ပေမယ့် ဆေးစက်ကျရာ အရုပ်မထင်ဖြစ်နေခဲ့ပါတယ်။ ထမင်းတစ်လုတ် စားဖို့ခက်ခဲလွန်းတဲ့အတွက် နယူးယောက်မြို့ကို ပြောင်းရွှေ့ရတဲ့အပြင် စာရေးနဲ့ အကသမားဘဝကိုတောင် ဝင်လုပ်ခဲ့ရသေးတယ်။ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်က Who Says I Can’t Ride a Rainbow? (1971) ။ Street Smart (1987) ဇာတ်ကားမှာ လူသိများလာပြီး ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အော်စကာဆုပေးပွဲမှာ ဆန်ခါတင်ဝင်ခဲ့ပါတယ်။ Million Dollar Baby (2004) ဇာတ်ကားမှာ အကောင်းဆုံးဇာတ်ပို့ဆု ရရှိခဲ့ပါတယ်။

ကျွန်တော်တို့တွေ ကိစ္စတစ်ခုကို လုပ်လိုက်ပြီဆိုရင် ငါလုပ်တာ နောက်ကျနေပြီလား။ သူများတွေ လုပ်ပြီးကုန်ပါပြီလို့ တွေးတတ်ပါတယ်။ ဒီအတွေးက တကယ်တမ်းတော့ မှားယွင်းပါတယ်။ ကိုယ်ရူးသွပ်တဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပဲ ရှိတော့တာပါ။ အခုပဲ ကြည့်။ အနုပညာလောကထဲကို ငယ်ငယ်ကတည်းက ဝင်လာပေမယ့် ဘာလိုပဲလုပ်လုပ် မအောင်မြင်ခဲ့ဘူး။ အသက်ကြီးမှ ကမ္ဘာကျော်လာတာ။ အသက်ကြီးလာပြီဆိုပြီး သူတို့ စိတ်ဓာတ်ကျမသွားဘူး။ ဆက်ကြိုးစားတယ်။ အသက် (၆ဝ)ကျော် (၇ဝ) ကျော်အထိ ဇာတ်ကားတွေ မနားမနေရိုက်လာတာ ရုပ်ရှင်ထူးချွန်ဆုတွေ တသီကြီးဆွတ်ခူးတုန်း။ ပြောချင်တာက ကိုယ်ရူးသွပ်တဲ့အလုပ်ကိုလုပ်မယ်ဆိုရင် နောက်ကျတယ်ဆိုတာ မရှိဘူး။

Reference and Photo Credit – Forbes ၊ Hollywood Reporter

ကျော်စိုးအောင် (အခရာ)