ငါတို့တိပ်ခွေတွေ ဘယ်ရောက်သွားလဲ

ခုတလော တွေးမိနေတဲ့ မေးခွန်းတစ်ခုပါ။ အရင်က နားထောင်ခဲ့ ကြည့်ခဲ့ဖူးတဲ့ တိပ်ခွေတွေ ဘယ်ရောက်သွားလဲ။ ဘယ်သူတွေက ဘာတွေ လုပ်ကြလိုက်လဲပေါ့။ အပေါ်စက်ဆိုရင် တီဗီ၊ VCR ဆိုရင် အောက်စက်ဆိုတဲ့ အသုံးအနှုန်း။ အခွေထည့်လိုက်လေဆိုပြီး သုံးနှုန်းရာက CD ထည့်လိုက်လေလို့ ပြောင်းသုံးဖြစ်တာ အချိန်တောင်တော်တော် ကြာခဲ့ပြီ။ အဲ့ဒီအချိန်တုန်းက CD လို့ ပြောမယ့်အစား အခွေလို့ မှားပြောဖြစ်တာကိုလည်း မနည်းပြင်ခဲ့ရသေးတယ်။

အခွေဆိုင်ရောက်ပြီဆိုရင် ကိုယ်ကြိုက်တဲ့နိုင်ငံခြားအဆိုတော်သီချင်းဖွင့်နေတာတွေ့ရင် အကိုရေ အဲ့ဒီသီချင်းတွေကို ကူးပေးထားပါဦးဆိုပြီး ပြောခဲ့ရတယ်။ နောက်နေ့ ယူပေါ့။ ဘာတေးသံသွင်း၊ ညာတေးသံသွင်းဆိုတဲ့ နာမည်ရှိတဲ့ ဆိုင်တွေမှာ အခွေတွေ ဝယ်ရတဲ့ ဖီလင်ကလည်း တစ်မျိုးတမည် ခံစားရတယ်။  တေးသံသွင်းဆိုတဲ့ အသုံးအနှုန်းကိုက ထုတ်လုပ်ရေး၊ စတူဒီယို ဆိုတဲ့ နာမည်တွေထက် သာယာနာပျော်ဖွယ်ရှိတယ်လို့ကို ခံစားရတယ်။ ဒါက တစ်ကိုယ်ရည်အတွေးပါ။ ပရိသတ်ကြီးနဲ့တော့ ထပ်တူကျချင်မှ ကျမှာပါ။

အခွေထစ်နေပြီဆိုရင် အခွေကိုထုတ်၊ တိပ်သားတွေကိုကြည့် ဖုန်မှုတ်၊ တတ်သလောက် မှတ်သလောက် နည်းတွေနဲ့ တိပ်ဆေး။ တစ်ခါတစ်ခါလည်း ဆရာကြီးအထာနဲ့ အောက်စက်အဖုံးဖွင့်ပြီး မူလီနဲ့ ဟိုလျှောက်ဖွင့်၊ ဒီလျှောက်ကလိကြည့်သေးတာ မဟုတ်လား။ ဒါမျိုးဆိုတာ ကိုယ်တစ်ယောက်တည်း လုပ်ခဲ့တာ မဟုတ်လောက်ပါဘူး။ အပေါ်စက်၊ အောက်စက်ဆိုတဲ့ အသုံးအနှုန်းကို ပြောဖူးခဲ့ကြတဲ့ ပရိသတ်ကြီးတွေလည်း လုပ်ဖူးကြမှာပါပဲ။ CD၊ VCD နဲ့ DVD ပေါ်လာတော့လည်း အဲ့ဒီလိုကလိရတဲ့ ဒုက္ခက ကင်းသွားမလား မှတ်တယ်။ သူတို့တွေလည်း မထူးပါဘူး။ တစ်ခုရှိတာက ထုတ်ဆွဲထားသမျှ တိပ်တွေကို စိတ်ရှည်ရှည်နဲ့ ပြန်မရစ်ရတဲ့ဒုက္ခမျိုး မရှိတော့တာပဲ ကျေးဇူးတင်စရာပါ။

နောက်ဆုံးမှတ်မိနေတာကတော့ ခုတင်အောက် ခြင်တောင်းအပြာထဲက အခွေတွေကိုပဲ။ အခွေတွေကတော့ သီချင်းခွေတွေ မဟုတ်ဘူး။ သင်တန်းတက်ရင်ပေးတဲ့ စာသင်ခွေတွေ။ သီချင်းအခွေတွေကို ဘာလုပ်မိလိုက်မှန်း မမှတ်မိတော့။

ဖက်ရှင်တောင်မှ တစ်ကျော့ပြန်လာတတ်တာ တိပ်ခွေတွေလည်း တစ်ကျော့ပြန် လည်ကောင်းလည်လာမယ် ထင်တာပဲ။ ထွက်လာခဲ့မယ်ဆိုရင် အရင်လို မကြည်လင်တဲ့အသံ၊ ရုပ်ထွက်သိပ်မကောင်းတဲ့ တိပ်ခွေအနေနဲ့ မဟုတ်ဘဲ ကြည်လင်ပြတ်သားပြီး အသံခပ်မိုက်မိုက်ရှိတဲ့ တိပ်ခွေတွေ ထွက်လာမယ်လို့ တွေးမိတယ်။ တစ်ကျော့ပြန်အရာတွေကို စောင့်စားနေတဲ့ လူတွေက တစ်ချိန်မဟုတ် တစ်ချိန် ရှိတတ်တယ်မဟုတ်လား။

တစ်ခါတစ်ခါလည်း တွေးမိတယ်။ ငါတို့တွေရဲ့ တိပ်ခွေတွေက အခုဆို ဘယ်ရောက်လို့ ဘယ်ပေါက်နေလဲမသိဘူးဆိုပြီးတော့ပေါ့။ အခုလည်း ဒီအကြောင်းကို ခေါင်းထဲမှာ တွေးနေတာ အမျှင်မပြတ်ဘူး။

Photo Credit

NSC