Blind Date က မိရိုးဖလာရည်းစားရှာနည်းထက် ပိုကောင်းနိုင်တာ ဘာကြောင့်လဲ

အခုပြောမယ့်အချက်က လုံးဝကြီးမှန်မမှန်တော့မသိပေမယ့် စာရေးသူတို့ဆီမှာ ရည်းစားရတဲ့အခါ များသောအားဖြင့် Facebook ကတွေ့တဲ့သူ ၊ သူငယ်ချင်းအချင်းချင်းကြိုက်မိတဲ့သူတွေများတယ်ပေါ့။ Blind Date ကိုစမ်းသပ်ပြီး ရည်းစားရှာတဲ့သူတွေက အရမ်းကိုနည်းပါတယ်။ Blind Date ဆိုတဲ့အသုံးအနှုန်းကိုတော့ ကိုရီးယားကားတွေမှာ အကြိမ်ပေါင်းများစွာလည်း ကြားဖူးကြလို့ သိတော့သိပြီးသားဖြစ်မှာပါ။ Blind Date က ကိုယ်နဲ့အပြင်မှာတစ်ခါမှမတွေ့ဖူးတဲ့သူစိမ်းတစ်ယောက်ယောက်နဲ့ ချိန်းတွေ့ဖို့ကို သူငယ်ချင်းဖြစ်ဖြစ် ၊ အသိတစ်ယောက်ယောက်ကဖြစ်ဖြစ် စီစဉ်ပေးတာမျိုးပေါ့။

Blind Date ကိုဘာလို့စမ်းကြည့်သင့်တာလဲဆိုတော့ ကိုယ့်ဘဝမှာ ကိုယ်သိပြီးသားသူတွေကိုပဲ လှည့်ပတ်တွဲနေပြီး ဒီလူတွေက ကိုယ့်နဲ့မသင့်တော်တဲ့သူတွေကြီး ဖြစ်နေရင် ၊ ကိုယ့်ရဲ့ဖူးစာရှင်က ကိုယ်ရဲ့စက်ဝိုင်းအပြင်ဖက်က လူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် Blind Date ကို စမ်းကြည့်တာက ကိုယ့်ရဲ့ကြင်ဖက်ကိုရှာတွေ့ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်လို့ပါ။ တစ်ခါတစ်လေမှာ သူငယ်ချင်းတွေက ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတာကြောင့် သူတို့က ကိုယ့်အတွက် သင့်တော်မယ်လို့ ယူဆတဲ့သူတွေကို Blind Date စီစဉ်ပေးပြီးတော့ ရွေးချယ်ပေးနိုင်ပါတယ်။

Blind Date လုပ်တာက ကိုယ့်ရဲ့အမြင်တွေကို ကျယ်ပြန့်စေနိုင်တယ် ။ ကိုယ်နဲ့ Blind Date မှာတွေ့တဲ့ သူစိမ်းတစ်ယောက်စီတိုင်းမှာ မတူညီတဲ့အမြင်တွေ ၊ မတူညီတဲ့ဘဝနေထိုင်မှုတွေ ရှိနေမှာပါ။ ဒါကြောင့် Blind Date သွားတာကနေ အတွေ့အကြုံအသစ်တွေ ၊ ဗဟုသုတအသစ်တွေ အများကြီးရနိုင်ပါတယ်။ နောက်ပြီး Blind Date သွားပြီး ကိုယ့်ရဲ့ဖူးစာဖက်ကို မတွေ့ခဲ့ရင်တောင် သူငယ်ချင်း အသစ်တစ်ယောက်ကိုတော့ ရနိုင်မှာပါ။ Blind Date တွေရဲ့သဘောတရားအရ တွေ့လို့ကြိုက်ရင် ကြိုက်တယ် ၊ နောက်ထပ်တွေ့ဖို့ထပ်ချိန်းမယ် ၊ မကြိုက်ရင်မကြိုက်ဘူး ၊ သူငယ်ချင်းအဖြစ်ပဲခင်ချင်လည်းဖြစ်တယ်။ ကြိုတင်ပြီးကျူထားတာတွေ ၊ Flirt ထားတာတွေမရှိတော့ ဘာမှလည်းမျက်နှာပူစရာ မလိုပါဘူး။

Blind Date ကိုစမ်းကြည့်တာကနေ ရနိုင်တဲ့ နောက်ထပ်ကောင်းကျိုးတစ်ခုက ကိုယ်ကဘယ်လိုလူမျိုးကို ဘဝလက်တွဲဖော်အဖြစ်ရှာနေတာလဲ ၊ Date တွေမှာ ကိုယ်ဘယ်လိုပြုမူနေထိုင်ရမလဲဆိုတာတွေကို သိလာနိုင်စေတယ်။ အချစ်ကမမေ ျှာ်လင့်တဲ့အချိန်မှာ မမေ ျှာ်လင့်ဘဲရောက်လာတတ်တယ်ဆိုတာမှန်ပေမယ့် ကိုယ့်အကြိုက်ပုံစံ ၊ ကိုယ်နဲ့ကိုက်ညီတာကတော့ အချစ်ကိုရှာတဲ့နေရာမှာ အမြဲလွှမ်းမိုးနေတာပါပဲ။

နောက်ပြီး ကိုယ့်ရဲ့ဘယ်လိုအပြုအမူတွေကို ဆန့်ကျင်ဖက်လိင်က သဘောကျပြီး ဘယ်အရာတွေကို သဘောမကျဘူးလဲဆိုတာကို Blind Date တွေသွားရင် သိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူစိမ်းတစ်ယောက်က ကိုယ့်နဲ့ Blind Date လာတွေ့ရင် သူတို့အတွက် သင့်တော်မတော်ကို ကြည့်မှာပဲ ၊ သူတို့က သူငယ်ချင်းလည်းမဟုတ် ၊ အသိလည်းမဟုတ်တော့ ဘာမှဟန်ဆောင်ပြီး ဖုံးကွယ်နေမှာ မဟုတ်ပါဘူး။ သူတို့ကိုယ့်ကို သဘောမကျရင် သူတို့မျက်နှာမှာ ပေါ်နေမှာပါ။

Blind Date သွားရင် ကိုယ့်ရဲ့ဖူးစာဖက်ကို လုံးဝရှာတွေ့မယ်လို့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့်တွေ့ရင်လည်းတွေ့မှာပဲ ၊ ဘယ်သူမှကြိုမသိနိုင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ပတ်ဝန်းကျင်က ကိုယ်သိပြီးသားလူတွေ ၊ ကိုယ်နဲ့ Social Media မှာတွေ့တဲ့သူတွေကိုတွဲတာထက်စာရင် Blind Date က ကိုယ့်အတွက် စိတ်ခံစားချက်ပိုင်းမှာရော ၊ အတွေ့အကြုံပိုင်းမှာပါ အသစ်အဆန်းတွေနဲ့ ရင်ခုန်စရာတွေကို ဖန်တီးပေးနိုင်မယ်လို့ထင်ပါတယ်။

ပြီးတော့ Blind Date ကို သူစိမ်းနဲ့တွေ့ရမှာဆိုပြီး ကြောက်တယ်ဆိုတဲ့ အယူအဆက အမှန်မှာ နည်းနည်းလွဲနေပါတယ်။ Blind Date ရင် လူမြင်ကွင်းမှာ နေ့ခင်းအချိန် Date လို့ရတာပဲ။ ဘာမှကြောက်စရာမလိုပါဘူး။ ပြီးတော့ ကိုယ့်ကိုချိတ်ပေးတဲ့ ကိုယ့်သူငယ်ချင်းတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေက မကောင်းတဲ့သူကို ဘယ်ရှာပေးမလဲလို့ ။ ဟုတ်တယ်မလား။ ဒါကြောင့် ရည်းစားရှာတာချင်းအတူတူ မိရိုးဖလာရည်းစားရှာတဲ့ နည်းတွေထက် Blind Date ကိုစမ်းကြည့်တာက ပိုပြီးတော့ဆန်းသစ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းမယ်လို့ထင်ပါတယ်။

Piki(Akhayar)