ကိုယ်ပိုင်စာကြည့်တိုက်လေးလုပ်ရင် ဒီအချက်တွေသိထားဖို့လိုမယ်နော်

အရင်တစ်ခေါက်တုန်းက အခရာမှာ ကိုယ်ပိုင်စာကြည့်တိုက်လေးတွေထားတာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောပြပြီးသွားပါပြီ။ ဒီတော့ကိုယ်ပိုင်စာကြည့်တိုက်လေးကို စပြီးဖန်တီးတော့မယ်ဆိုရင် ဘာတွေလိုအပ်မယ်ထင်လဲ။ ကျွန်မတို့လို စာအုပ်နှစ်သက်တဲ့သူတွေမှာ ဖြစ်နေကျပြဿနာလေးတစ်ခုက စာအုပ်တွေများနေပြီး ထားစရာနေရာမရှိတာလည်းပါတယ်။ ဒီတော့ကိုယ်ပိုင်စာကြည့်တိုက်လေးတွေ စပြီးဖန်တီးတော့မယ်ဆိုရင် –

စာအုပ်စင်လိုလိမ့်မယ်
စာအုပ်စင်ကို ကိုယ့်ရဲ့အိပ်ခန်းမှာဆင်မှာလား။ ဒါမှမဟုတ်ရင်လွတ်နေတဲ့နံရံတွေမှာ စင်ရိုက်ပြီး စာအုပ်စင်လုပ်မလား။ ဒါမှမဟုတ် အသုံးမလိုတဲ့စတိုခန်းဖြစ်ဖြစ် ၊ အခန်းတစ်ခန်းကို စာကြည့်တိုက်အဖြစ်အသွင်ပြောင်းမလား ကြိုက်တာကိုရွေးချယ်လို့ရပါတယ်။ ကျွန်မကတော့ အိပ်ခန်းထဲမှာစင်ရိုက်ပြီးစာအုပ်တွေကို ကိုယ်နဲ့အနီးဆုံးမှာထားရတာကို ပိုပြီးတော့သဘောကျပါတယ်။

ကိုယ်ကြိုက်နှစ်သက်တဲ့စာအုပ်တွေကိုသာထားဖို့လိုမယ်
ကိုယ်ပိုင်စာကြည့်တိုက်ထားတယ်ဆိုတာ လူထင်ကြီးအောင်ဗန်းပြဖို့မဖြစ်သွားဖို့က အရမ်းကိုအရေးကြီးပါတယ်။ စာကြည့်တိုက်ကိုစာဖတ်ဖို့အတွက်ရည်ရွယ်ပြီးထားတာကမှ မီဒီယာတွေပေါ်မှာဟိတ်ဟန်လုပ်တာထက်သာတာပါ။ ဒါကြောင့်ကိုယ့်မှာစာအုပ်အရေအတွက်အများကြီးဖြစ်ချင်လို့ဆိုပြီး စာအုပ်တိုင်းလျှောက်မဝယ်သင့်ပါဘူး။ ကိုယ့်ရဲ့နေရာလွတ်တွေမှာ မဟုတ်တဲ့စာအုပ်တွေနဲ့ပြည့်သွားရင် တကယ့်စာပေကောင်းတွေကို ထားဖို့နေရာလွတ်မကျန်ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့်ကိုယ်အမှန်တကယ်ကြိုက်နှစ်သက်ပြီး ကိုယ်စိတ်ဝင်စားတဲ့စာအုပ်အမျိုးအစားတွေကိုသာထားသင့်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကျွန်မဆိုရင် Classic Literature ၊ Post Modern Fictions ၊ Essay တွေနဲ့ Novel တွေကိုပဲစုဆောင်းဖတ်ရှူတယ်။

စာအုပ်တွေက တစ်ခါဖတ်ပဲ ဖြစ်သွားလို့မဖြစ်ဘူး
ကိုယ်ပိုင်စာကြည့်တိုက်လုပ်တယ်ဆိုတည်းကိုက ကိုယ့်ရဲ့စာအုပ်တွေကို ခဏခဏပြန်ဖတ်ဖို့ရည်ရွယ်ချက်ကပါပြီးသားလေ။ ပြောရရင် စာအုပ်တစ်အုပ်ကို တစ်ခါပဲဖတ်မယ်ဆိုရင်တော့ အများပိုင်စာကြည့်တိုက်ကနေပဲ သွားငှားဖတ်တော့မှာပေါ့။ ဒါ့အပြင် စာမျက်နှာဘေးနားသားတွေမှာ မှတ်စုလေးတွေမှတ်တတ်တဲ့သူတွေအတွက်ဆို ကိုယ်ပိုင်စာအုပ်ရှိတာက ပိုပြီးတော့အဆင်ပြေတယ်လေ။ ထပ်ပြီးပြောရရင် စာအုပ်တွေက ပထမတစ်ခါဖတ်တာနဲ့ နောက်ပိုင်းပြန်ဖတ်တာနဲ့ ကွာတယ်။ ပထမတစ်ခေါက်တုန်းကကိုယ်လွတ်သွားတဲ့ဟာလေးတွေ ၊ ကိုယ်မခံစားလိုက်ရတဲ့ဟာတွေက နောက်ပိုင်းပြန်ဖတ်မှပေါ်လာတာတွေရှိတတ်ပါတယ်။ ဒါကြောင့်ကိုယ်ပိုင်စာကြည့်တိုက်လုပ်မယ်ဆိုရင် စာအုပ်တွေကို တစ်ခါထပ်ပိုဖတ်ကြပါ။

စာအုပ်ဝယ်ရင်လည်း Hardcover နဲ့လား Paperback နဲ့ဝယ်မလား ရွေးချယ်ရမယ်
စာအုပ်တွေကိုဝယ်ယူတဲ့အခါမှာ ဒီနှစ်ခုကိုလည်းရွေးချယ်ရမှာပါ။ Hardcover ကတော့အခွံအထူဖြစ်တာကြောင့် ထိခိုက်ပျက်စီးမလွယ်ဘူး ၊ ကြာရှည်အထားခံမယ်။ သူကရေရှည်အတွက်မျှော်မှန်းထားတဲ့သူတွေအကြိုက်ဖြစ်မယ်။ Paperback နဲ့ဆိုရင်လည်း စနစ်တကျကိုင်တွယ်တဲ့သူဆိုရင် ပျက်စီးမှုတွေသိပ်ဖြစ်မှာ မဟုတ်ပါဘူး။

နေရာကိုစာဖတ်ချင်စိတ်ပေါက်တဲ့နေရာလေးမျိုးဖန်တီးရမယ်
ဒီအချက်ကိုအရေးပါတယ်လို့တော့ကျွန်မယူဆတယ်။ စာအုပ်ဝယ်ပြီးစုတာ ဘယ်သူမဆိုလုပ်တတ်တယ်။ ဒါပေမယ့်ကိုယ်ပိုင်စာကြည့်တိုက်ကိုဖန်တီးတာက အနုပညာမြောက်တယ်။ ကိုယ့်ရဲ့စာကြည့်တိုက်က ကြည့်လိုက်တာနဲ့စာဖတ်ချင်စိတ်တွေ တဖွားဖွားဝင်လာဖို့အထိဆွဲဆောင်မှုရှိသင့်တယ်လို့ ကျွန်မကတော့ထင်တယ်။ ဒီတော့ကိုယ့်ရဲ့စာအုပ်စင်က စာအုပ်တွေကြီးပဲရှိနေစရာမလိုပါဘူး။ စာအုပ်စင်မှာကိုယ်ကြိုက်တဲ့အရုပ်တွေ ၊ ပန်းအိုးတွေ ၊ အလှဆင်ပစ္စည်းတွေတင်လို့ရတဲ့။ အနားကနံရံမှာကိုယ်ကြိုက်တဲ့ဓာတ်ပုံတွေကပ်မယ်။ အခန်းမီးရောင်လေးကို အဝါရောင်လေးတပ်ပြီးနွေးထွေးတဲ့ပတ်ဝန်းကျင်လေးလိုဖြစ်အောင်လုပ်မယ် စသည်ဖြင့်ပေါ့။

နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့

စာအုပ်တွေကိုပြီးအောင်ဖတ်ဖို့ပါပဲ
စာအုပ်ဝယ်ပြီးစုတတ်တဲ့သူတွေရဲ့မကောင်းတဲ့အကျင့်လေးက စာအုပ်တွေကိုမပြီးဘဲနဲ့အသစ်သစ်တွေဝယ်တာပါ။ ဝယ်တာကပြဿနာမရှိဘူး ၊ ဝယ်လို့ရတယ်။ ဒါပေမယ့်ကိုယ်ဝယ်ထားတဲ့စာအုပ်လေးတွေကိုတော့ပြီးအောင်ဖတ်သင့်တယ်။ ဘယ်လောက်အချိန်ကြာသည်ဖြစ်ပါစေ ပြီးအောင်ဖတ်ပါ။ ဒါကကိုယ့်ရဲ့စာဖတ်တဲ့အကျင့်ကိုတည်ဆောက်ဖို့နဲ့ကိုယ့်အတွက်မှတ်တိုင်စိုက်ထူဖို့ဖြစ်ပါတယ်။ ဘယ်နှနှစ်ကြာမှဘယ်နှအုပ်ဖတ်ဖြစ်တယ်ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာကစာဖတ်ဖြစ်ပြီး ကိုယ့်စိတ်ထဲမှာကျန်နေခဲ့ဖို့ပဲ။
ဒီတော့ကိုယ်ပိုင်စာကြည့်တိုက်လေးလုပ်မယ့်သူတွေစာဖတ်ပရိသတ်ထဲမှာရှိနေမယ်ဆိုရင် အပေါ်မှာပြောခဲ့တဲ့အချက်တွေနဲ့အကောင်အထည်ဖော်ကြည့်ဖို့အကြံပေးချင်ပါတယ်။

Piki (Akhayar)