မျက်မမြင်ကျောင်းသားလေးတွေအတွက် အသံဘယ်လိုလှူကြမလဲ

မြန်မာနိုင်ငံကတော့ တကယ်ကို အလှူအတန်းရက်ရောတဲ့ နိုင်ငံတစ်နိုင်ပါပဲ။ နှစ်တိုင်း၊ လတိုင်းမှာ အကြောင်းပြချက်မျိုးစုံနဲ့ အလှူအတန်းတွေ လုပ်ကြပုံက ကြည်နူးဝမ်းသာစရာကောင်းလှပါတယ်။ စားစရာတွေ၊ သုံးစရာတွေနဲ့ လိုအပ်တာတွေလှူကြတာ ဝမ်းသာစရာကောင်းသလို လူတော်တော်များများ မေ့နေကြတဲ့ အလှူဒါနလေးတစ်ခုကိုလည်း ပြုနိုင်ကြဖို့ Akhayar က ပြောပြပါရစေဦးနော်။

အခုပြောပြမယ့်အလှူလေးက ပိုက်ဆံအကုန်အကျမရှိဘဲ ကုသိုလ်တွေ အများကြီးရနိုင်ပါတယ်။ အဲဒါကတော့ “အသံအလှူ” ပါပဲ။ ဟုတ်ပါတယ်။ ရန်ကုန်မြို့မှာ ခဝဲခြံမျက်မမြင်ကျောင်းနဲ့ ကြည့်မြင်တိုင်င်မျက်မမြင်ကျောင်းဆိုပြီး မျက်စိအလင်းကွယ်ပျောက်နေတဲ့သူတွေကို စာပေနဲ့ အသက်မွေးဝမ်းကြောင်းပညာရပ်များ ဆည်းပူးနိုင်အောင် ဖွင့်လှစ်သင်ကြားပေးနေတဲ့ ကျောင်း (၂) ကျောင်း ရှိပါတယ်။ ဒီကျောင်းတွေက ကျောင်းသားတွေဟာ မျက်စိအလင်းကွယ်ပျောက်နေကြတာဖြစ်လို့ သူတို့ဟာ အထိအတွေ့နဲ့ အသံပေါ်ကိုပဲ အားကိုးပြီး သင်ကြားမှုတွေ ပြုလုပ်ကြရပါတယ်။ ဒီတော့ အသံအလှူ ဘယ်လိုလှူတာလဲ ဆက်ကြည့်လိုက်ရအောင်။

အသံအလှူဆိုတာဘာလဲ။
အသံအလှူဆိုတာ သူတို့လိုအပ်နေတဲ့ စာပေဗဟုသုတတွေ ကြွယ်ဝလာနိုင်အောင် စာအုပ်စာတမ်းတွေကို ဖတ်ပြပြီး လှူဒါန်းပေးရတာပါ။ ဒီအသံတွေကို စတူဒီယိုမှာ စနစ်တကျ ကူးယူပြီး စာကြည့်တိုက်မှာ သိမ်းဆည်းထားပေးပါတယ်။ မျက်မမြင်ကျောင်းသားတွေ အားလပ်ချိန်တွေမှာ ဒီ စာကြည့်တိုက်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ အသံဖိုင်တွေကို နားထောင်ရင်း စာပေဗဟုသုတကို ဆည်းပူးခွင့်ရကြပါတယ်။

ဘယ်လိုလှူရမလဲ။
အသံလှူဒါန်းချင်သူတွေဟာ ကိုယ်လှူဒါန်းချင်တဲ့ ခဝဲခြံ ဒါမှမဟုတ် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းကို အရင် ဆက်သွယ်ရပါလိမ့်မယ်။ ဆက်သွယ်ပြီး အဆင်ပြေတဲ့ နေ့တစ်ရက်သတ်မှတ်ပြီးသွားတာနဲ့ အဲဒီ့နေ့မှာ အသံစစ်ဆေးပြီး အသံလှူလို့ရပါပြီ။ အသံစစ်ဆေးခိုင်းတာကတော့ တချို့တိုင်းရင်းသားလူမျိုးတွေဟာ မြန်မာစကား အရမ်းဝဲတဲ့အခါ နားထောင်ရတဲ့ကျောင်းသားတွေ အဆင်မပြေဖြစ်မှာဆိုးလို့တစ်ခုတည်းပါ။ ဒါပေမယ့် လုံးဝလှူလို့မရတာမျိုး မဟုတ်ဘဲ ဇာတ်လမ်းအတိုလေးတွေ ရွေးချယ်ဖတ်ပြလို့ရပါတယ်။ အသံကောင်းစရာတော့ မလိုပါဘူးနော်။

ဘယ်လိုစာအုပ်တွေလှူရမလဲ။
မျက်မမြင်ကျောင်းသားတွေ သင်ကြားနေရတဲ့ ကျောင်းစာအုပ်တွေကိုလည်း ဖတ်ပြလို့ရသလို ကိုယ်ကြိုက်တဲ့ ပြင်ပဗဟုသုတစာအုပ်လေးတွေ ကောင်းနိုးရာရာ ရွေးချယ်ဖတ်ပြလို့လည်း ရပါတယ်။ အဲဒီ့ကျောင်းမှာရှိတဲ့လူကြီးတွေနဲ့ တိုင်ပင်ပြီးလည်း ရွေးချယ်လို့ရပါတယ်နော်။

ဘယ်လိုဆက်သွယ်ရမလဲ။
အသံလှူဒါန်းချင်တဲ့သူတွေကတော့ ဦးသက်လွင် ၀၉၃၂၂၃၇၈၄၈ ဒါမှမဟုတ် ၀၉၂၅၃၀၇၀၅၈၅ ကိုဆက်သွယ်ပြီး ကိုယ်နဲ့ နီးစပ်ရာ ခဝဲခြံ ဒါမှမဟုတ် ကြည့်မြင်တိုင်မျက်မမြင်ကျောင်းမှာသွားရောက်လှူဒါန်းလို့ရပါတယ်။

ဒီတော့ ပိုက်ဆံအကုန်အကျလည်း မများဘူး။ မရှိလိုမလှူ၊ မလှူလို့မရှိမဖြစ်ရလေအောင် ကိုယ်တက်စွမ်းတဲ့ဘက်က အလှူလုပ်နိုင်တဲ့အကြောင်းကို သိစေချင်လို့ မျက်မမြင်ကျောင်းတွေမှာ အသံဘယ်လိုလှူကြမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ အတူတူ အသံလှူကုသိုလ်ပြုကြရအောင်နော်။

Moethaesay (Akhayar)