သဘာဝပတ်ဝန်းကျင်ကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ဘယ်လိုထိန်းသိမ်းကာကွယ်မလဲ

သဘာဝပတ်ဝန်းကျင်ဆိုတာက အရမ်းကိုအဖိုးတန်တဲ့အရာပါ။ လက်ရှိအချိန်မှာလည်း သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့အတွက် ပညာပေးဟောပြောပွဲတွေ ၊ လက်တွေ့သရုပ်ဖော်ပြသတဲ့အစီအစဉ်တွေ ၊ ကျောင်းမှာလည်းသင်ခန်းစာတွေပေးကြတယ်။ ဒါတွေအပြင် သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့သူတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ရဲ့သဘာဝတရားကိုထိန်းသိမ်းလို့ရပါတယ်။ ဒါဆိုသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ တစ်ဦးတစ်ယောက်စီကနေ ဘယ်လိုတွေလုပ်လို့ရမလဲ။

Reduce ၊ Reuse ၊ Recycle
R သုံးလုံးကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရဲ့ အခြေခံနည်းဥပဒေသပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေ ၊ လုပ်ဆောင်ချက်တွေကို လျှော့ပါ ၊ လွှင့်ပစ်တာတွေကိုလည်းလျှော့ပြီး သုံးလို့ရတဲ့ပစ္စည်းတွေကိုပြန်သုံးပါ ။ ဒီ R သုံးလုံးကိုလိုက်နာပြီး ကိုယ့်ရဲ့ပတ်ဝန်းကျင် အရင်းအမြစ်တွေနဲ့ နေရာဒေသတွေမပျက်စီးအောင် ထိန်းသိမ်းပါ။

လုပ်အားပေးလုပ်ငန်းတွေမှာ ပါဝင်ကူညီပါ
ဒီခေတ်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့လှုပ်ရှားမှုတွေ ၊ ပွဲတွေအများကြီးရှိလာနေပါပြီ။ ဒီလိုပွဲတွေမှာ စေတနာနဲ့ပါဝင်အားဖြည့်တာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေသလိုပါပဲ။ တစ်ယောက်ကစမှ နောက်လူတွေလိုက်လာမှာလေ။ ဒါကြောင့်ကိုယ်ကနေစတင်လိုက်ပါ။

ကိုယ့်ကိုယ်ကိုယ်ပညာတတ်အောင်လုပ်ပါ
ကိုယ့်ရဲ့ပညာရေးကိုကိုယ်ကိုယ်တိုင်မြှင့်တင်နိုင်ရင် သူတစ်ပါးနားလည်အောင် ကူညီတဲ့အခါမှာ ပိုမိုလွယ်ကူနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်က သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်ပြီး ဘာဆိုဘာမှမသိ ၊ အချက်ကျကျလည်းမထောက်ပြနိုင်ဘဲ တခြားသူကိုလှုပ်ရှားဖို့နှိုးဆော်တာက အရာထင်မှာမဟုတ်ပါဘူး။ ဒါကြောင့်ကိုယ်ကိုယ်တိုင်ကနားလည်အောင်လုပ်ရပါမယ်။

ရေကိုချွေတာသုံးစွဲပါ
ကမ္ဘာကြီးမှာ သမုဒ္ဒရာတွေရှိတယ် ၊ မြစ်တွေ ၊ ချောင်းတွေ ၊ ကန်တွေ ရှိတယ်ဆိုပြီး ရေကိုတန်ဖိုးမထားဘဲ လက်လွတ်စပယ်သုံးစွဲလာခဲ့ကြတာကြာပါပြီ။ ရေမရှိရင်လူသားတွေဘယ်လိုမှ အသက်မရှင်နိုင်ပါဘူး။ အခုလူတွေပိုင်ဆိုင်ထားတဲ့ရေပိုင်နက်တွေက တစ်နေ့မှာမပျောက်ဆုံးသွားဘူးလို့ မပြောနိုင်ပါဘူး။ ဒါကြောင့်ရေကိုချွေတာပြီးသုံးသင့်ပါတယ်။ ရေသုံးတာနည်းလေ ၊ နောက်ဆုံးပင်လယ်ထဲရောက်သွားမယ့် စွန့်ပစ်ရေဆိုးရေညစ်တွေထွက်တာနည်းလေပါပဲ။

ပညာရှိဆန်ဆန်ဈေးဝယ်ထွက်ပါ
ဈေးဝယ်ထွက်တဲ့အခါမှာ ဆိုင်တွေ ၊ City Mart တွေကပေးတဲ့ ပလပ်စတစ်အိတ်တွေမသုံးပါနဲ့။ ကိုယ့်အိမ်ကနေကိုယ့်အိတ်ကိုကိုယ်သယ်သွားပါ။ မဟုတ်ရင်လည်း ပြန်လည်အသုံးပြုနိုင်တဲ့အိတ်တွေသုံးပြီး ဈေးဝယ်ပါ။

သစ်ပင်စိုက်ပါ
သစ်ပင်တွေကလေထုကိုညစ်ညမ်းစေတဲ့ ကာဘွန်ဒိုက်အောက်ဆိုဒ်ဓာတ်ငွေ့တွေကို စုပ်ယူပေးတာကြောင့် ကိုယ်ရှူမယ့်လေကို သန့်စင်ပေးတယ်။ သစ်ပင်စိုက်တာမခက်ခဲပါဘူး။ သစ်ပင်စိုက်ဆိုလို့ ရန်ကုန်မြို့ထဲနေရာကျပ်တည်းတာကို သရက်ပင်ကြီးတွေ ၊ ဒန့်သလွန်ပင်ကြီးတွေစိုက်ခိုင်းနေတာလည်း မဟုတ်ပါဘူး။ စိုက်လို့ရမယ့်နေရာရှိရင်တော့ကောင်းတာပေါ့။ အနည်းဆုံးအိမ်ရှေ့မှာဖြစ်ဖြစ် ပန်းအိုးလေးတွေနဲ့ အပင်စိုက်လို့ရပါတယ်။ မဟုတ်ရင်လည်း ကိုယ့်အခန်းနား သစ်ခွပင်လေးကိုနေရတဲ့နေရာမှာ ချိတ်ထားလည်းဖြစ်ပါတယ်။ နောက်ဆုံးအဆင်မပြေတဲ့အဆုံး ဘွန်ဇိုင်းပင်လေးတွေ အခန်းထဲထည့်ထားလည်းဖြစ်ပါတယ်။

စက်ဘီးများများစီးပါ
ဖြစ်နိုင်တယ်ဆိုရင် အဆင်ပြေတဲ့နေ့တွေမှာ အလုပ်သွားရင်ဖြစ်စေ ၊ ကျောင်းသွားရင်ဖြစ်စေ ကားစီးမယ့်အစား စက်ဘီးလေးစီးသွားပါ။ ဒါကိုတစ်ယောက်စနှစ်ယောက်စလောက် စလုပ်ရင်တောင်မှ တစ်နေ့ သာယာလှပတဲ့ပတ်ဝန်းကျင်လေးကိုဖန်တီးနိုင်ဖို့ အရာပြန်ရောက်လာမှာပါ။

အပေါ်မှာပြောသွားတဲ့အချက်တွေက တစ်နိုင်တစ်ပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ လုပ်ဆောင်လို့ရမယ့်နည်းတွေပဲဖြစ်ပါတယ်။ တခြားနည်းလမ်းတွေလည်း ရှိကောင်းရှိဦးမှာမို့ ပရိသတ်တွေသိတဲ့နည်းတွေရှိရင်လည်း ပြောခဲ့လို့ရပါတယ်နော်။

Piki (Akhayar)