Keanu Reeves နဲ့ Angelina Jolie တို့သာ အတည်တွဲခဲ့မယ်ဆိုရင် ဘယ်လိုနေမလဲ

ကဲ…ကဲ….ကဲ Keanu Reeves ခေတ်ကြီးဖြစ်နေတဲ့ Social Media လောကကြီးမှာ လတ်တလောရေပန်းစားနေတဲ့သတင်းက Jolie နဲ့ Reeves တို့ရဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ ကောလဟာလတွေအရတော့ Jolie က Brad Pitt နဲ့ကွဲပြီးနောက်ပိုင်းမှာ Keanu Reeves ကိုအရမ်းသဘောကျနေပါတယ်တဲ့။ အတွင်းလူတွေပြောတာကတော့ Jolie ရဲ့ ဘဝမှာ ယောကျ်ားတစ်ယောက်အတွက် ပက်ပက်စက်စက်ရင်ခုန်ရတာ Brad Pitt ပြီးရင် Keanu Reeves ပဲရှိပါသေးတယ်တဲ့။

ဒီသတင်းတွေက ကောလဟာလတွေဆိုပေမယ့် မှန်ရင်လည်းမှန်နိုင်တာပဲလေ။ ဘာလို့လဲဆိုတော့ Jolie က Brad Pitt နဲ့ကွဲပြီးနောက်ပိုင်း အိမ်ပြောင်းနေတဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် Keanu Reeves အမေအိမ်နားမှာ သွားနေမိတယ်တဲ့။ Keanu Reeves ကလည်း အမေသိပ်ချစ်တဲ့သားလေးဆိုတော့ မေ့မေ့အိမ်ကိုအမြဲလိုလို သွားလည်တာပေါ့။ အဲဒီမှာ Jolie နဲ့ အကြည့်တွေဆုံ အကြည်တွေဆိုက်သွားတယ်လို့ အတွင်းလူတွေက ပြောကြကုန်ရောပဲ။ ဒါပေမယ့် ဒီသတင်းတွေက အမှန်တကယ်မဟုတ်ဘူးလို့ ကာယံကံရှင် Keanu Reeves က ပြန်လည်ဖြေရှင်းချက်ပေးထားတဲ့ သတင်းကို Yahoo ကတော့ တင်ထားခဲ့တယ်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေပါ။ တကယ်လို့သာသူတို့နှစ်ယောက် အပြင်မှာတွဲခုတ်ပြီး ရိုမီယို ဂျူးလိယက်လုပ်မယ်ဆိုရင် လိုက်ဖက်တဲ့အတွဲဖြစ်လာနိုင်မှာလား။

နှစ်ယောက်လုံးက အမေကပဲပြုစုလို့ ကြီးပြင်းလာခဲ့ရတဲ့သူတွေ ၊ အလှူအတန်းတွေလုပ်ရတာကို သဘောကျတဲ့သူတွေ။ ဒီနှစ်ချက်နဲ့တင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေတည်ဆောက်ဖို့ အစပျိုးနိုင်နေပြီ။ အသက်တွေကလည်း မတိမ်းမယိမ်းလေးပဲလေ။ Jolie က ၄ဝ ကျော် ၊ Keanu Reeves က ၅ဝ ကျော်။ နှစ်ယောက်လုံးအတွက် အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ မနောက်ကျသေးဘူး။ သူတို့နှစ်ယောက်သာ ချစ်မိသွားရင် Hollywood ရဲ့ Power Couple ဖြစ်လာမှာ။ ဒီတော့ ပရိသတ်ကြီးတို့ရော ဘယ်လိုထင်လဲ။ Jolie Reeves ဆိုပြီးတော့ Ship ချင်နေကြပြီလား။ (ကိုယ်ကတော့ Keanu Reeves ကို ဦးပဲဖြစ်စေချင်တယ် ၊ မိန်းမမရစေချင်ဘူး)

Source: Yahoo, Twenty Two Words, News18

Piki (Akhayar)