Facebook သုံးစွဲခြင်းကို ယာယီရပ်နားမယ်ဆိုရင် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်

Facebook သုံးစွဲခြင်းကို ယာယီရပ်နားမယ်ဆိုရင် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်

Facebook ဟာ လစဉ်အသုံးပြုသူ ၂.၃၂ ဘီလီယံအထိရှိပြီး ကမ္ဘာပေါ်မှာ လူသုံးအများဆုံးလူမှုကွန်ရက်အနေနဲ့ ရပ်တည်နေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဆယ်ကျော်သက်တွေကအစ ဖိုးဖိုးဖွားဖွားတွေအဆုံး Facebook မှ Facebook ကို ဖြစ်နေတယ်။ အိပ်ယာထပြီဆိုတာနဲ့ မျက်နှာသစ်တာကနောက် Facebook ဖွင့်ကြည့်တာကအရင်ကို ဖြစ်နေပြီ။ Facebook ပေါ်မှာ မိတ်ဆွေတွေနဲ့ စကားစမြည်ပြောဆိုရင်း သုတရသဖြစ်စရာ သတင်းတွေကို ဖတ်ရှုနိုင်ပေမယ့် Virtual Life ပေါ်မှာ သာယာနေရင်တော့ ကောင်းကျိုးပေးမှာ မဟုတ်ပါဘူး။

Facebook ဟာ စိတ်ကျဝေဒနာနဲ့ ဆက်စပ်နေတယ်ဆိုတာ သုတေသနတွေက သက်သေပြခဲ့တာပါ။ Facebook သုံးစွဲခြင်းကို ယာယီရပ်နားမယ်ဆိုရင် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်လို့ Cyberpsychology, Behavior, and Social Networking ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ပျမ်းမျှအသက် (၃၄) ပဲရှိသေးတဲ့ လူနှစ်ထောင်နီးပါးကို တစ်ပတ်ကြာအောင် သုတေသနလုပ်ခဲ့တာပါ။ သုတေသနမလုပ်ခင်မှာ Facebook အသုံးပြုပုံနဲ့ ပတ်သက်ပြီး သူတို့တွေကို မေးမြန်းခဲ့တယ်။ စွဲစွဲမြဲမြဲသုံးတဲ့ Active သမားလား၊ ရံဖန်ရံခါမှ ခဏဖွင့်ပြီး ပြန်ထွက်တဲ့ Passive သမားလား ပြီးတော့ အပျင်းပြေပဲသုံးတဲ့ Moderate သမားလား စသဖြင့်ပေါ့။ ပြီးတော့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အထီးကျန်မှု၊ စိတ်အားထက်သန်မှု၊ ဒေါသ၊ စိတ်ဓာတ်ကျမှု . . စတဲ့ စိတ်ကျန်းမာရေးကို ဆန်းစစ်တဲ့ မေးခွန်းတွေကို သုတေသနမလုပ်ခင်မှာ မေးမြန်းခဲ့တာပါ။

သုတေသနပညာရှင်တွေက လူနှစ်ထောင်နီးပါးကို နှစ်ဖွဲ့ခွဲလိုက်တယ်။ ပြီးတော့ တစ်ဖွဲ့ ကို Facebook တစ်ပတ်သုံးခိုင်းတယ်။ တစ်ဖွဲ့ ကိုတော့ မသုံးခိုင်းဘူး။ Facebook သုံးတဲ့အဖွဲ့ ထဲမှာ Active ၊ Passive နဲ့ Moderate သမားတွေကို သေချာစောင့်ကြည့်ခဲ့တယ်။ တစ်ပတ်ကြာတဲ့အခါ သုတေသနမလုပ်ခင်က မေးခွန်းတွေကို ဒုတိယအကြိမ် မေးမြန်းပြန်တယ်။ ထူးခြားတာက Facebook ကို တစ်ပတ်လောက် နားလိုက်တဲ့အဖွဲ့ က စိတ်ကျန်းမာရေး ပိုကောင်းတယ်ဆိုတာ တွေ့ရှိခဲ့တာပါ။ ရံဖန်ရံခါနဲ့ အပျင်းပြေသုံးတဲ့ Passive နဲ့ Moderate သမားတွေကို မထိခိုက်လှပေမယ့် Facebook ကို စွဲစွဲလမ်းလမ်းသုံးနေတဲ့ Active သမားတွေက လောကကြီးကို စိတ်မကျေနပ်ဘဲ အလိုမကျမှုတွေ ဖြစ်စေတယ်လို့ ဖော်ပြခဲ့တာပါ။ ကဲ . . . တန်ဆေး လွန်ဘေးဆိုသလိုပဲ တစ်နေ့ကို တစ်နာရီထက် Facebook ပိုမသုံးဘဲ နေကြည့်ကြရအောင်။

Reference and Photo Credit – Forbes ၊ TechCrunch

Kyaw Soe Aung (Akhayar)