ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သမိုင်းကြောင်းနဲ့ဇစ်မြစ် (ပထမပိုင်း)

အမေရိကန်နိုင်ငံဟာ ဘယ်လောက်ထိအင်အားကြီးသလဲလို့ မေးရင် အဲဒီမေးခွန်းဟာ အနည်းငယ်တောင်ရယ်ချင်စရာကောင်းပါတယ်။ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် အဖက်ဖက်ကအားကောင်းသာလွန်နေတဲ့ အမေရိကန်နိုင်ငံဟာ တစ်ကမ္ဘာလုံးက တိုင်းပြည်အတော်များများရဲ့ ရင်သပ်ရှုမော အားကျလောက်စရာ နိုင်ငံတစ်နိုင်ငံဖြစ်တယ်ဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့မရပါဘူး။

ကျွန်တော်တို့ ကိုင်တွယ်အသုံးပြုနေတဲ့ မိုဘိုင်းဖုန်းတွေ၊ ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊ လူမှုကွန်ရက်မီဒီယာတွေ၊ နည်းပညာဆိုင်ရာအသုံးအဆောင်တွေ ယုတ်စွအဆုံး နေ့စဉ်လူနေမှုအသုံးအဆောင်တွေမှာပါ အမေရိကန်နိုင်ငံရဲ့ အငွေ့အသက်တွေ ထင်ဟပ်နေတာကို တွေ့နိုင်ပါတယ်။ အထူးသဖြင့် ကျွန်တော်တို့လို ဖွံဖြိုးဆဲနိုင်ငံအများစုဟာ အမေရိကန်လို မဟာအင်အားကြီးနိုင်ငံတွေကို လေးစားအားကျအတုယူကျသလို အဖက်ဖက်ကလာတဲ့ တိုးတက်ပြောင်းလဲမှု ဖိအားတွေအောက်မှာ အာရုံတွေထွေပြားဝေဝါးပြီး ဆောင်ရွက်သင့်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်တွေကို မေ့လျော့နေတတ်တာ သဘာဝကျပါတယ်။  အမေရိကန်နိုင်ငံဟာ နယ်ပယ်စုံ၊ ကဏ္ဍစုံမှာ သြဇာအာဏာနဲ့ လွှမ်းမိုးနိုင်မှုအားကြီးတာကြောင့် ပထမပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ ဖြစ်တည်လာခဲ့ပုံနဲ့ စစ်ရေးသမိုင်းကို အသားပေးပြီး ဖော်ပြသွားပါမယ်။ ဒီတော့ အားလုံးပဲ အဆင်သင့်ဖြစ်ပြီဆိုရင် အမေရိကန်နိုင်ငံကို အင်အားကြီးနိုင်ငံအဖြစ် ရပ်တည်နိုင်စေတဲ့ အကြောင်းအချက်အလက်တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ကြစို့ဗျာ။

အခြေခံကျကျ အချက်တွေကစပြီးပြောရမယ်ဆိုရင် အမေရိကန်ပြည်‌ထောင်‌စုကို United States, the U.S., the U.S.A., the States, the America လို့ ရည်ညွှန်းခေါ်ဆိုလေ့ရှိကြပြီး ဖွဲ့စည်းပုံအရ ပြည်နယ်ပေါင်း ၅၀ နဲ့ ပြည်ထောင်စုနယ်မြေတစ်ခုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဖြစ်ပါတယ်။ အကျယ်အဝန်းစတုရန်းမိုင်ပေါင်း ၃.၇၉ သန်း (စတုရန်း ကီလိုမီတာ ၉.၈၃ သန်း) နဲ့ လူဦးရေ သန်း ၃၀၀ ကျော်ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ စုစုပေါင်း အကျယ်အဝန်းအနေနဲ့ စတုတ္တမြောက်အကြီးဆုံးဖြစ်ပြီး ကုန်းမြေကျယ်ဝန်းမှုနဲ့ လူဦးရေအားအရ တတိယမြောက် အကြီးမားဆုံးလည်း ဖြစ်နေပြန်ပါတယ်။ နောက်ပြီးအမေရိကန်ရဲ့စီးပွားရေးဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံးဖြစ်ပြီး ၂၀၁၉ ခုနစ်မှာဆိုရင် စုစုပေါင်း (GDP) ဟာ အမေရိကန်ဒေါ်လာ ၂၁.၅ ထရီလီယံ တန်ဖိုးရှိပါတယ်။ (Nominal GDP အားဖြင့်ဆိုရင် ကမ္ဘာအကြီးဆုံးဖြစ်ပြီး Purchasing Power Parity(PPP) အရဆိုရင် ဒုတိယအကြီးမားဆုံး ဖြစ်ပါတယ်)

အမေရိကန်ပြည်ထောင်စုဆိုတဲ့ အချုပ်အခြာအာဏာတည်မြဲတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်ရှိလာပုံကတော့ ဗြိတိသျှအင်ပါယာက အတ္တလန္တိတ်ကမ်းရိုးတန်းတလျှောက်မှာရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ကိုလိုနီနယ်မြေ (၁၃) ခု ပေါင်းစည်းပြီး စတင်တည်ထောင်ခဲ့ရာကနေ စတင်ခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီတွေရဲ့ အုပ်ချုပ်စိုးမိုးခဲ့တဲ့အောက်မှာ အဆမတန်ဖိနှိပ်ချုပ်ချယ်မှုကို တောက်လျှောက်ခံလာရာကနေ တစ်ကွဲတပြားဖြစ်နေတဲ့ ပြည်နယ်တွေပေါင်းစည်းပြီး သမိုင်းတစ်လျှောက်မှာ နာမည်ကြီးတဲ့ အမေရိကန်တော်လှန်ရေးကို ရဲရဲဝံ့ဝံ့ဆင်နွှဲခဲ့ရာကနေ ၁၇၇၆ခုနှစ် ဇူလိုင်လ (၄) ရက်မှာတော့ လွတ်လပ်ရေး ကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။ အဲဒီစာတမ်းကတဆင့် အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးကို ကြေညာခဲ့ပြီး ကွန်ဖယ်ဒရေးရှင်းလို့ခေါ်တွင်တဲ့ ပြည်နယ်များကိုပူးပေါင်းထားတဲ့ ပြည်ထောင်စုကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ၁၉ရာစုမှာ အမေရိကန်ပြည်ထောင်စုဟာ ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ မက္ကဆီကိုနဲ့ ရုရှားနိုင်ငံတို့ရဲ့ နယ်မြေတွေကို ရယူခဲ့ပြီး တက္ကဆက်ပြည်နယ်နဲ့ ဟာဝိုင်အီပြည်နယ်အသီးသီးကို ပြည်ထောင်စုအတွင်းကို ထည့်သွင်းခဲ့ပါတယ်။ ဒါ့အပြင် စပိန်-အမေရိကန်စစ်ပွဲနဲ့ ပထမကမ္ဘာစစ်တို့ရဲ့အကျိုးဆက်အနေနဲ့ အမေရိကန်ဟာ တဖြည်းဖြည်း စစ်အင်အားကြီးနိုင်ငံတစ်နိုင်ငံအဖြစ်ကို ရောက်ရှိခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးမှာတော့ အမေရိကန်ပြည်ထောင်စုဟာ နျူးကလီးယားလက်နက်ပိုင်ဆိုင်ခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံနဲ့ နေတိုးစစ်မဟာမိတ်အဖွဲ့ကို စတင်တည်ထောင်တဲ့ နိုင်ငံဖြစ်လာပါတယ်။ ၂၀ ရာစုနှောင်းပိုင်း ၁၉၉၁ ခုနှစ်မှာ ဆိုဗီယက်ယူနီယမ် တရားဝင်ပြိုကွဲခဲ့တဲ့အတွက် ရုရှားနဲ့အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့တဲ့ စစ်အေးတိုက်ပွဲအဆုံးသတ်သွားခဲ့ရပြီး အမေရိကန်ပြည်ထောင်စုဟာ တစ်ခုတည်းသော မဟာအင်အားကြီးနိုင်ငံတစ်ခုအဖြစ် ကျန်ရစ်ခဲ့တာအမှန်ပါပဲ။ ထင်သာမြင်သာတဲ့အချက်တစ်ချက်က အမေရိကန်ရဲ့ စစ်သုံးစရိတ်ဟာ တစ်ကမ္ဘာလုံးစစ်သုံးစရိတ်ရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးရှိနေပြီး သက္ကရာဇ်တွေကူးပြောင်းလာတာနဲ့အမျှ အမေရိကန်ဟာ ကမ္ဘာပေါ်မှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ ယဉ်ကျေးမှုအရ ဦးဆောင်တဲ့ ထိပ်တန်းအင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပါတော့တယ်။

ကဲ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေက အမေရိကန်နိုင်ငံကို အခုလိုမျိုးလက်ရှိမှာ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံလို့ ဖြစ်စေခဲ့တာပါပဲ။ ဒါပေမယ့်လည်း အမေရိကန်ပြည်ထောင်စုဆိုပြီး ဖြစ်လာခဲ့ခြင်းဟာ ဗြိတိသျှကိုလိုနီတွေရဲ့ နယ်ချဲ့စိုးမိုးမှုကြောင့်လည်း တစ်စိတ်တစ်ဒေသ ပါဝင်ပါတယ်။ ဘယ်လောက်ပဲအင်အားကြီးတဲ့ နိုင်ငံဖြစ်ပါစေ၊ အခုလိုမျိုးအနေအထားကို ရောက်ရှိလာဖို့ သွေးမြေကျခဲ့ရတာတွေ၊ ပေးဆပ်မှုကြီးမားခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။

ဒီတော့နောက်ဖော်ပြသွားမယ့် အမေရိကန်နိုင်ငံအကြောင်း ဒုတိယပိုင်းမှာ အမေရိကန်ပြည်ထောင်စုတစ်ခုလုံးကို ပြိုကွဲလုနီးပါးဖြစ်စေခဲ့တဲ့ ၁၈၆၁ ကနေ ၁၈၆၅ ခုနှစ်ကြားက ပြင်းထန်လွန်းတဲ့ အမေရိကန်ပြည်တွင်းစစ်အကြောင်းကို တင်ဆက်ပေးသွားပါမယ်။ အချိန်ပေးဖတ်ရှုသူများကို အထူးကျေးဇူးတင်လျက်ပါလို့ ဒီကနေပြောလိုက်ရပါတယ်။

Yan