CV ပို့ပြီးတာနဲ့ တစ်ခါတည်းအလုပ်ခန့်ချင်လာအောင် ပြင်ဆင်နည်း

အခရာက ပြောပြမယ့် အချက်တွေက ဘယ်အလုပ်ခွင်မျိုးနဲ့မဆို အသုံးတည့်နိုင်မယ့် အခြေခံနည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒါတွေကတော့

(၁) အလုပ်ခေါ်စာ အစ၊ အဆုံး ဖတ်ပါ။
အခုချိန်တွေမှာ အလုပ်တွေကို လူမှုကွန်ရက်ကနေတစ်ဆင့် ခေါ်တာမျိုးတွေ များပါတယ်။ အလုပ်ခေါ်စာပို့စ်တင်တဲ့အခါ အလုပ်လျှောက်သူရဲ့ လိုအပ်တဲ့ အရည်အချင်းတွေ၊ လုပ်ရမယ့် Job Description တွေနဲ့ ကိုယ်ရေးအကျဉ်းကို ဘယ်ကိုပို့ပါဆိုတာတွေ ရေးထားတတ်ပါတယ်။ မေးလ်လိပ်စာကို CV ပို့ခိုင်းရင် မေးလ်ကိုပဲ CV ပို့ပေးလိုက်ပါ။ ဘယ်နေရာမှာမဆို First Impression က အရေးကြီးပါတယ်။ ပို့စ်မှာပါတဲ့အတိုင်း အမှားအယွင်းမရှိဘဲလုပ်မှသာ ဒီအလုပ်ကို တကယ်စိတ်ဝင်စားလို့ လာလျှောက်တယ်လို့ ကုမ္ပဏီဘက်က မြင်မှာပါ။

(၂) အနှောင့်အယှက် မပေးမိပါစေနဲ့။
ပို့စ်မှာပါပြီးသား အကြောင်းအရာတွေ ထပ်ဖန်တလဲလဲ မေးရင်တော့ ကုမ္ပဏီဘက်က သင့်ကို အနှောင့်အယှက်ပေးလွန်းသူလို့ မြင်သွားနိုင်ပါတယ်။ ပို့စ်အစ၊ အဆုံး သေချာဖတ်ပြီးလို့ ကိုယ်သိချင်တဲ့အကြောင်းအရာပေါ်လာမှသာ ဒါမှမဟုတ် တစ်ဖက်က အလုပ်ခေါ်စာမှာ ရေးဖို့လိုသွားတဲ့ အရေးကြီးအကြောင်းအရာတွေ ရှိမှသာ Page ရဲ့ ကွန်မန့်ဘောက်စ်/ Messenger က တစ်ဆင့် မေးမြန်းတာလုပ်ပါ။

(၃) CV ကို ကိုယ်လျှောက်မယ့်အလုပ်ခွင်နဲ့ ကိုက်ညီတဲ့ CV မျိုးပြင်ဆင်ပါ။
Canva.com လိုမျိုး Site မှာ ကိုယ်ကြိုက်တဲ့ CV ကို Download လုပ်ပြီး လိုအပ်သလို ပြင်ဆင်လို့ ရပါတယ်။ သားနားတဲ့ CV Form တွေကို ကုမ္ပဏီဘက်က အထင်ကြီးစေတာကြောင့် CV Form ကို ကြုံရာကျပန်း မလုပ်စေချင်ပါဘူး။ ကောင်းမွန်တဲ့ CV Form တွေက သင့်ကိုအလုပ်လျှောက်တဲ့နေရာမှာ တခြားသူတွေထက် ထင်ရှားစေပါတယ်။

(၄) အီးမေးလ်ရေးသားနည်း လေ့လာပြီးမှ မေးလ်ပို့ပါ။
အီးမေးလ်တစ်ခါမှ မပို့ဘူးလို့ဆိုပြီး ဘာစာမှမရေးဘဲ CV တစ်ခုတည်းကို Attached တွဲပြီး မပို့လိုက်ပါနဲ့။ အီးလ်မေးရေးသားနည်းဆိုပြီး အနည်းဆုံးတော့ Google ခေါက်ကြည့်လိုက်ပါ။ ဒီအတွက်တော့ ဘယ်လောက်မှ အချိန်မပေးရပါဘူး။

အခရာက ပရိသတ်ကြီးအတွက် ကိုယ်လုပ်ချင်တဲ့ အလုပ်တွေ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

NSC (Akhayar)