ရုံးချိန်အတွင်းမီးပျက်တဲ့အခါ အလုပ်အကိုင်မပျက်အောင် ဘယ်လိုလုပ်ကြမလဲ

ဒီရက်ပိုင်းတွေမှာ မြန်မာနိုင်ငံတော်ကြီးရဲ့ မီးပျက်တဲ့ စံတော်ချိန်လေးတွေ ပြန်ပြီးမှန်ကန်လာတာမို့လို့ တခြားသူတွေတော့ မသိပေမယ့် စာရေးသူတို့လို အလုပ်လုပ်နေတဲ့သူတွေမှာတော့ တကယ်ဒုက္ခတွေရောက်ရပါတယ်။ အထူးသဖြင့် အခရာလို အင်တာနက်သုံးပြီး အလုပ်လုပ်နေတဲ့ မီဒီယာမျိုးဆိုရင် မီးပျက်ရင်တိုင်ပတ်ရော။ အင်တာနက်လိုင်းမမိတော့လို့လေ။ မီးစက်ကလည်းတစ်ချိန်လုံး သုံးလို့အဆင်မပြေဘူးလေနော်။ ဒီတော့စာရေးသူတို့ရုံးမှာဒီပြဿနာကို ဖြေရှင်းဖို့ ခေါင်းချင်းဆိုင်ပြီးတော့ တိုင်ပင်ရတော့တာပေါ့နော်။ အဲဒီမှာဖြေရှင်းဖို့နည်းလေးတွေ အများကြီးရယ်တော့မဟုတ်ပေမယ့် လုံလောက်တယ်ဆိုရုံလောက်တော့ ထွက်လာတယ်ပြောရမှာပေါ့။

ပထမဆုံးအနေနဲ့က YESC Facebook Page တွေက သက်ဆိုင်ရာမြို့နယ်အလိုက် ဘယ်အချိန်တွေမှာ မီးပျက်မယ် ၊ ဘယ်အချိန်တွေမှာ မီးလာမယ်ဆိုတာ ကြိုပြီးတော့ကြည့်ကြတယ်။ ဥပမာပြောရရင် ဒီနေ့မှာပေါ့ မနက် ၁ဝ နာရီ ကနေ နေ့ခင်း ၁၂ နာရီအထိ မီးပျက်မယ်ဆိုတာကို သိရင် ၊ ၁ဝ နာရီကနေ ၁၂ နာရီအတွင်း တင်စရာရှိတာတွေကို ညထဲကကြိုပြင်ထားကြတယ်။ ပြီးတော့ Post တွေကို Schedule လုပ်ထားလိုက်တယ်။ မီးပျက်နေတဲ့အချိန်ကို Break Time ယူပြီး ထမင်းကြိုစားထားလိုက်တယ်။ မီးပြန်လာတဲ့ ၁၂ မှ ထမင်းစားပြီး နောက်ထပ် ၁ နာရီခွဲလောက်ကို ဖြုန်းမနေတော့ဘူး။

တစ်ခါတစ်လေမီးက နေ့ခင်း ၂ နာရီကနေ ၄ နာရီလောက်ပျက်နေတာလည်း ဖြစ်တတ်တယ်။ အဲဒီလိုနေ့မျိုးဆိုရင် မနက်ကို ရုံးစောစောလာကြပြီး အလုပ်ကိုမြန်မြန်ဖြတ်ကြတယ်။ အဲဒီတော့ မီးပျက်တဲ့ ၂ နာရီနဲ့ ၄ နာရီမှာ အရမ်းတွေ စိတ်ရှုပ်စရာမလိုတော့ဘူး။ နေ့ခင်းမီးပျက်တဲ့နေ့မျိုးမှာ မနက်ပိုင်းအလုပ်တွေကြိုလုပ်ထားပြီးတော့ မီးပျက်တဲ့အချိန်ကို အနီးအနားက ကော်ဖီဆိုင်လိုနေရာမျိုးကို အုပ်စုလိုက်သွားပြီး အနားယူရင်း Wifi လေးဖွင့်ပြီး အလုပ်ကို ပြီးသလောက် နားနားပြီးတော့ လုပ်ကြတယ်။ ၄ နာရီ လောက်ဆိုရင် ရုံးပြန်လာကြပြီး လိုနေတာလေးတွေ ဟိုဖြည့်ဒီဖြည့်လုပ်တာပေါ့။

အဓိကပြောချင်တာက ဒီလိုမီးပျက်တဲ့အချိန်မျိုးမှာ အလုပ်လုပ်စရာတွေနဲ့ အလုပ်ချိန်တွေကို တသမတ်တည်း သတ်မှတ်ထားလို့မရတော့ဘူးပေါ့။ ဒါကလည်းကိုယ်လုပ်နေတဲ့ ရုံးရဲ့စံသတ်မှတ်ချက်တွေနဲ့ ကိုယ့်အလုပ်ရှင်ရဲ့ စိတ်သဘောထားနဲ့လည်းအများကြီး သက်ဆိုင်တာပေါ့။ စာရေးသူတို့ရုံးလိုတော့ ရုံးတိုင်းအရမ်း Flexible ဖြစ်ချင်မှဖြစ်မှာလေ။ ဒါပေမယ့် အပေါ်မှာပြောခဲ့တဲ့နည်းက တော်တော်တော့အသုံးဝင်နေပါတယ်။

နောက်ထပ်သတိထားရမှာက ဒီလိုမီးမမှန်တဲ့အချိန်မျိုးမှာ အလုပ်အကိုင်မပျက်ဖို့ဆိုရင် ကိုယ့်ရဲ့ဖုန်းတွေ ၊ Laptop တွေကို အိမ်မှာတည်းက အားတွေ အပြည့်သွင်းထားဖို့ပါ။ Power Bank တွေလည်းဆောင်ထားသင့်ပါတယ်။ အားလုံးက Electronic ပစ္စည်းတွေနဲ့ပဲ အလုပ်လုပ်နေတာဆိုတော့ အရံတွေမရှိလို့က လုံးဝအဆင်မပြေပါဘူး။ မီးဆိုတာအစိုးရတဲ့အရာမဟုတ်တော့လေ။ အားလုံးပဲ စာရေးသူပြောတဲ့နည်းလေးတွေကနေ အကျိုးအမြတ်တစ်ခုခုတော့ ရသွားပါစေလို့ မေ ျှာ်လင့်ပါတယ်။

Piki(Akhayar)