အမျိူးသမီးတွေ အိမ်ထောင်ပြုပြီးရင် အလုပ်ထွက်ကာ အိမ်တွင်းပုန်းမနေသင့်တာ ဘာကြောင့်လဲ

အမျိုးသမီးတွေအများစုဟာ အိမ်ထောင်ကျပြီသွားတဲ့အခါ ကိုယ်လုပ်နေကျ အလုပ်တစ်ခုခုကို အပျိုတုန်းကလိုမျိုး ရေရှည်ဆက်မလုပ်ဖြစ်ကြတော့ဘဲ အလုပ်ကနေထွက်ကာ အိမ်ထောင်ထိန်းသိမ်းတာမျိုးနဲ့ သားသမီးတွေကို ပြုစုပျိုးထောင်တာမျိုးတွေကိုပဲ လုပ်ကိုင်ကြတာ တွေ့ရှိရပါတယ်။ အခုခေတ်ကတော့ မောင်တစ်ထမ်း မယ်တစ်ရွက်ခေတ်ဖြစ်လာကြလို့ အိမ်ထောင်ကျပြီးရင်လည်း အမျိုးသားရော အမျိုးသမီးတွေရော လုပ်ငန်းခွင်ကိုဝင်ပြီး ပိုက်ဆံတွေကို ကြိုးစားရှာဖွေကြပါတယ်။

ဒါပေမယ့် အိမ်ထောင်သည်ဖြစ်တာရော ရင်သွေးလေး ရလာတဲ့အခါမှာကြတော့ ကလေးကို ကြည့်ရှုစောင့်ရှောက်ဖို့ ကိုယ်ခွဲမရှိလို့ဆိုကာ အမျိူးသမီးတွေဟာ ကလေးကိုငဲ့ပြီး အလုပ်ကနေထွက်ကာ သူတို့ရဲ့ဘဝကို ကလေးနဲ့ မိသားစုတွေဆီမှာ ပုံအပ်လိုက်ကြပါတယ်။ အိမ်ထောင်သည်အမျိူးသမီးတွေဟာ အလုပ်ထွက်ပြီး အိမ်တွင်းပုန်းကာ အိမ်မှုကိစ္စတွေလုပ်ကိုင်တာဟာ ဖြစ်သင့်ရဲလား မှန်ကန်ရဲ့လားဆိုပြီး စာရေးသူအနေနဲ့ အတွေးဝင်ဖူးပါတယ်။ သေချာစဉ်းစားကြည့်ရင် အိမ်ထောင်သည်အမျိုးသမီးတွေဟာ ဘယ်လိုအကြောင်းမျိူးနဲ့မှ အိမ်မှာပဲ မနေသင့်ပါဘူးနော်။ ဘာကြောင့်မနေသင့်လဲဆိုတာကို အောက်မှာ အချက်လေးတွေနဲ့ ရှင်းအောင် ပြောပြပေးပါမယ်နော်။

ကိုယ်ပိုင်ဝင်ငွေမရှိတော့ခြင်း
အလုပ်ထွက်ပြီး အိမ်မှာနေပြီဆိုရင်တော့ မိသားစုဝင်ငွေဟာလည်း လျော့ပါးသွားသလို အမျိုးသမီးမှာလည်း ကိုယ်ရှာလို့ရတဲ့ ကိုယ်ပိုင်ဝင်ငွေဆိုတာ မရှိတော့ပါဘူးနော်။ ကိုယ်ယောကျာ်းရှာဖွေသမျှဟာ နှစ်ဦးပိုင်ငွေ ဖြစ်တာမှန်ပေမယ့်လည်း ကိုယ်ရှာတဲ့ ပိုက်ဆံမဟုတ်တဲ့အတွက် ကိုယ်ဘက်က မိသားစုဝင်တွေကို ပြန်ကြည့်တဲ့အခါမျိုးမှာ ယောကျာ်းမျက်နှာကို သေချာပေါက်ပြန်ကြည့်ရပါတယ်။ ကိုယ်ယောကျာ်းရှာထားတဲ့ ပိုက်ဆံမို့ ကိုယ်ပေးချင်သလောက် ပေးလို့မရသလို အဘက်ဘက်ကိုလည်း ငဲ့ကွက်ရတာတွေ ရှိလာနိုင်ပါတယ်။ ကိုယ်ရှာထားတဲ့ငွေဆို ဘာမှသိပ်မငဲ့ကွက်ဘဲ အကျိုးကြောင်းရှင်းပြပြီး ပေးလို့ရပေမယ့် ကိုယ်ပိုင်ငွေမရှိတော့ရင် မျက်နှာရိပ်မျက်နှာကဲ ကြည့်ရတဲ့အနေအထားကို ရောက်ရမှာ၊ ကိုယ်ပိုင်ဝင်ငွေရှိနေတာကတော့ အကောင်းဆုံးပါပဲနော်။

ခေတ်နဲ့ အဆက်အသွယ်ပြတ်လာခြင်း
အလုပ်လုပ်နေတဲ့အခါ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေရဲ့ နေ့စဉ် ပြောဆိုမှုတွေကြောင့် ခေတ်ရဲ့အခြေအနေကို လုံးဝကြီး အဆက်အသွယ်မပြတ်သွားဘဲ ခေတ်နောက်ကို အမီလိုက်နိုင်စေပါတယ်။ ခေတ်နောက်ကို အမီလိုက်နိုင်ခြင်းဟာ သားသမီးတွေကို ထိန်းသိမ်းပုံသွင်းတဲ့နေရာမှာ အသုံးဝင်သလို သားသမီးတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့လည်း တစ်ဖက်တစ်လမ်းကနေ အကူအညီပေးပါတယ်။ ခေတ်က ဒီလိုဖြစ်နေပြီမို့လို့ ငါသားသမီးတွေ ဒီလိုနေနေတာဆိုပြီး နားလည်ပေးကာ သားသမီးတွေနဲ့ လိုက်လျောညီထွေ သူငယ်ချင်းလိုရော မိဘလိုရော နေပေးနိုင်လာကာ လမ်းမှားမရအောင် ဆုံးမသွန်သင်ပေးနိုင်လာပါလိမ့်မယ်။

သားသမီးတွေကလည်း ငါမိဘတွေက ခေတ်ရှေ့ပြေးတယ် ဘာပဲဖြစ်ဖြစ် အကုန်သိတယ် လှိမ့်လို့မရဘူးဆိုတာ သိထားရင် ခိုးလုပ်တာမျိုးတွေလည်း သိပ်လုပ်တော့မှာ မဟုတ်ပါဘူးနော်။ အလုပ်ထွက်လိုက်ပြီး အိမ်မှာနေပြီဆိုရင်တော့ ခေတ်အခြေအနေကို သိပ်သိတော့မှာ မဟုတ်လို့ သားသမီးတွေ လှိမ့်တာကို ခံရနိုင်ပါတယ်နော်။ ဒါ့အပြင် ကိုယ်ဟာ အလုပ်လုပ်နေတဲ့အတွက် ခေတ်နဲ့ အဆက်အသွယ်မပျက်လို့ ကိုယ့်သားသမီးက နည်းပေးလမ်းပြနိုင်တဲ့အတွက် ကိုယ့်ကလေးက လေးစားပြီး စံပြပုဂ္ဂိုလ်အဖြစ် ထားတာကိုတော့ ရရှိနိုင်ပါလိမ့်မယ်။

ကိုယ်တိုင်မရပ်တည်နိုင်ခြင်း
လူဘဝမှာ ဘာတွေ ဘယ်လိုဖြစ်မယ်ဆိုတာ လူတိုင်းက ကြိုမသိနိုင်ပါဘူးနော်။ မတော်တဆ ကိုယ်ယောကျာ်းက ဖောက်ပြန်တာမျိူးပဲဖြစ်ဖြစ်၊ သေဆုံးသွားတာမျိုူးပဲဖြစ်ဖြစ် ဖြစ်လာတဲ့အခါမှာ မှီခိုစရာမရှိတော့လို့ အခက်အခဲတွေ အများကြီး ကြုံတွေ့ရတဲ့ အမျိုးသမီးတွေကို မြင်ဖူးပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ပတ်ဝန်းကျင်မှာ အဲဒီလိုဖြစ်တဲ့ အမျိုးသမီးတွေအကြောင်းကို မြင်ဖူးတွေ့ဖူး ကြားဖူးကြမှာပါနော်။ အဲဒီလိုမျိုး ဖြစ်လာတဲ့အခါမှာ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့ ဝင်ငွေသာရှိထားရင် ဘာကိုမှ ငဲ့ကွက်နေစရာမလိုဘဲ ကိုယ်လုပ်ချင်တဲ့အတိုင်း ရဲရဲဝံ့ဝံ့လုပ်လို့ရသလို ဟန်ချက်မပြတ်အောင်လည်း နေထိုင်နိုင်ပါလိမ့်မယ်။ အမြဲတမ်းမှီခိုတာ အကျင့်ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်တဲ့ အကျင့်ကလည်း တဖြေးဖြေးနဲ့ ပျောက်ဆုံးသွားတာကိုပါ တွေ့ရပါလိမ့်မယ်။

ဒီလိုအချက်တွေကြောင့် ပင်ပန်းခက်ခဲတာမှန်ပေမယ့်လည်း သည်းခံကြိုးစားဖြတ်သန်းဖို့ ထိုက်တန်ပါတယ်လို့ အမျိူးသမီးတိုင်းကို ပြောပြရင်း အဆုံးသတ်လိုက်ပါတယ်နော်။ ပရိသတ်ကြီးမှာလည်း မတူညီတဲ့ အမြင်တွေရှိရင် ပြန်လည်ဝေမျှပေးပြီး ဆွေးနွေးတိုင်ပင်ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။

H.H(Akhayar)