သီချင်းစာသားအလွဲတွေဆိုတတ်တဲ့ သူငယ်ချင်းရှိတယ်ဆိုရင်တော့

အဟုတ်ကြီးလိုလိုနဲ့ သီချင်းတွေဆိုနေပေမယ့် တကယ်တမ်းကျတော့ စာသားတွေ အလွဲလွဲအချော်ချော်ဖြစ်နေမှန်း သူ့ကိုယ်သူတောင်မသိရှာတဲ့ သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားလား။

သူတို့ဆီက စူးရှလွန်းတဲ့ အကြည့်တွေ၊ ပေါက်ကွဲသံတွေ မကြားချင်ရင်တော့ ဒါလေးတွေ ရှောင်သင့်ပါတယ်

(၁) စာသားတွေ ပြန်မပြင်ပေးပါနဲ့
စာသားပြင်ပေးလိုက်မယ်ဆိုရင် သူရှေ့ဆက်ဘာဆိုရမှန်းမသိ ကြောင်အမ်းအမ်းဖြစ်သွားစေပါလိမ့်မယ်။ သူသိထားတဲ့သီချင်းစာသားတွေက ပြန်ပြင်ပေးသလို မဟုတ်နေဘူးလေ။ တစ်ခုရှိတာက စာသားအမှားကြီးဆိုနေမှန်း သိတဲ့သူဆိုရင်တော့ စာသားပြန်ပြင်ပေးလိုက်တဲ့ သင့်ကိုတောင် ပြဿနာပြန်ရှာသွားနိုင်ပါတယ်။ သွားမလုပ်နဲ့နော် ဟိုကလူကောင်းကြီးကြီး၊ စိတ်ကြီးကြီးဆိုရင် ဘာမှမလုပ်ရပါဘဲနဲ့ ခံလိုက်ရမယ်မှတ်ပါ။

(၂) ဟဲ့ဘာတွေဆိုနေတာလဲ
ဒီလိုပြောလိုက်တာနဲ့ သူ့စိတ်ထဲ ဘယ်လိုဖြစ်သွားမယ်ထင်ပါသလဲ။ ရုပ်ရှင်ကားတွေထဲမှာ ပြတတ်တဲ့ နျူးကလီးယားဗုံးပေါက်ကွဲတဲ့ မြင်ကွင်းလိုမျိုး ဒေါသတွေက ရင်ဘတ်ထဲမှာ အကြီးကြီးဖြစ်နေမှာပါ။ အနုပညာဖန်တီးမှုတွေမှာ ကန့်သတ်ချက်ဘောင်တွေမရှိဘူးလို့ ကိုယ်ကသတ်မှတ်ပြီး သူဆိုတာ မှားနေလည်း သည်းခံလိုက်ပါလေ။

(၃) သီချင်းကို Remix လုပ်ထားတာလား
ဆိုနေတာက သီချင်းတစ်ပုဒ်။ ဒါပေမယ့် စာသားတွေက ဟိုတစ်ပိုဒ်၊ ဒီတစ်ပိုဒ်ဆီက။ ဒီလိုအချိန်မျိုးဆို ကြားရတဲ့လူက တစ်မျိုးဖြစ်တာပေါ့လေ။ တကယ်တမ်းပြောရရင်တော့ သီချင်း ၃၊ ၄ ပုဒ်ကို တစ်ပုဒ်တည်းဖြစ်အောင် ဆိုဖို့ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး။ ဒါက စကေးကြမ်းတယ်လို့ ခေါ်ရမှာပါ။ ဒီလိုစကေးကြမ်းတဲ့ သူငယ်ချင်းမျိုး ပိုင်ဆိုင်ထားတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူလိုက်ပါတော့။

(၄) Lyrics ကြည့်ပြီး ဆိုပါလားဟင်
“တိတ်စမ်း” ဆိုပြီး ရာဇသံပေးသံတွေ မကြားချင်ရင်တော့ ဒီစကားလုံးဝမပြောသင့်ပါ။ စာသားကြည့်ပြီးဆိုဖို့ကို သွယ်ဝိုက်ပြီးပြောလည်း သူကတော့ သူသိတာကိုပဲ ဆက်ဆိုနေမှာပါ။ ကိုယ်ကတောင်းဆိုတဲ့ လေသံနဲ့ ပြောရင်တောင်မှ အသည်းနုတဲ့ သူ့ခမျာမှာ စိတ်ထိခိုက်သွားနိုင်ပါသေးတယ်။ သီချင်းတွေဆိုပြီး သူ့ဟာသူ အေးဆေးလေး ဖီးလ်ခွင့်ပေးလိုက်တာပဲ ကောင်းပါတယ်။

ဒီအချက်တွေကိုကြည့်ပြီး နောက်ဆို ပြောသင့် မသင့် ဆင်ခြင်နိုင်မယ်လို့ ထင်ပါတယ်နော်။ သီချင်းတွေ ခဏခဏညည်းပြီး ဖီးလ်တတ်တယ်ဆိုကတည်းက သူ့စိတ်က တခြားသူတွေထက် နုရွနေဖို့များတယ်။ ဒီတိုင်းလေးပဲ ထားလိုက်ပါ။ ကဲ ဘာကြည့်နေတာလဲ နောက်ဆို ဒီလိုတွေမလုပ်ဖို့ မန်းရှင်းခေါ်လိုက်တော့လေ။

NSC (Akhayar)