လုပ်ပွဲ ဖန်တီးရန် ကြံစည်မှုဖြင့် အလုပ်ထုတ်ခံခဲ့ရတဲ့ နာမည်ကျော် Streaming Platform HuomaoTV ရဲ့ ဝန်ထမ်းတစ်ဦး

Huomao TV ဆိုတာကတော့ တရုတ်နိုင်ငံ အခြေစိုက် နာမည်ကျော် Streaming Platform တစ်ခုဖြစ်သလို Valve အသိအမှတ်ပြု ပြိုင်ပွဲ အများစုကို တရုတ်နိုင်ငံတွင်း ပြသခွင့် ရရှိထားတဲ့ Streaming Platform တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Huomao TV အနေနဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးဖြစ်သူ Xiaotian Xu ကို လုပ်ပွဲ ဖန်တီးရန် ကြံစည်မှုဖြင့် အလုပ်ထုတ်လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေငြာသွားခဲ့ပြီ ဖြစ်ပါတယ်။

HuomaoTV ဘက်က ထုတ်ပြန် ကြေငြာချက်များအရ Xiaotian Xu အနေနဲ့ မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် Online Dota 2 ပြိုင်ပွဲ EGB.com Arena of Blood ပြိုင်ပွဲမှာ လုပ်ပွဲများ ဖန်တီးရန် အတွက် ရုရှားနိုင်ငံ အခြေစိုက် ForZe Esports အဖွဲ့အစည်းကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ForZe Esports

အဆိုပါ အဖြစ်အပျက်နဲ့ ပတ်သတ်ပြီး HuomaoTV ဘက်က ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ စုံစမ်း သိရှိခဲ့တာဖြစ်ပြီး အထက်ပါ အဖြစ်အပျက်ကို စုံစမ်းသိရှိပြီး သိပ်မကြာခင် အချိန်အတွင်းမှာပဲ Xiaotian Xu ကို HuomaoTV ရဲ့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

HuomaoTV

2019-2020 DPC ရာသီရဲ့ တတိယမြောက် Minor ပြိုင်ပွဲ StarLadder ImbaTV Minor ပြိုင်ပွဲရဲ့ တရုတ်ဒေသတွင်း လက်ရည်စစ်ပွဲ တစ်ခုဖြစ်တဲ့ Avengerls နဲ့ Newbee Dota 2 အသင်းတို့ ယှဥ်ပြိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ Avengerls Dota 2 အသင်းသားတွေ အနေနဲ့ လုပ်ပွဲဆန်ဆန် ကစားပုံတွေကို ပြုလုပ်ခဲ့ပေမယ့် Valve ဘက်ကတော့ တရားဝင် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

ဒါ‌ပေမယ့်လည်း Xiaotian Xu တစ်ယောက် လုပ်ပွဲများ ဖန်တီးရန် ForZe Esports ကို ဆက်သွယ်ပြီး နှစ်ရက်ခန့် အကြာမှာ Avengerls နဲ့ Newbee Dota 2 အသင်းတို့ ယှဥ်ပြိုင်ခဲ့ရတာ ဖြစ်တာကြောင့် အဆိုပါ ပွဲစဥ်မှာ Avengerls Dota 2 အသင်းသားတွေရဲ့ လုပ်ပွဲဆန်ဆန် ကစားပုံတွေက Xiaotian Xu တစ်ယောက် ForZe Esports ကို ချဥ်းကပ်တာ အောင်မြင်ခြင်း မရှိခဲ့တာကြောင့် အခုလို ဒေသတွင်း အသင်းငယ်လေးကို ထပ်မံ ချဥ်းကပ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူများကတော့ သုံးသပ်ထားကြပါတယ်။

REF: VpEsports