ESL One Germany 2020 MVP ဆုအဖြစ် ရရှိခဲတဲ့ Mercedes-Benz ကားသစ်ကြီးကို miCKe ကို ပေးသွားဖို့ ကမ်းလှမ်းခဲ့တဲ့ iNSaNiA

ESL One Germany 2020 ပြိုင်ပွဲမှာ Team Liquid အနေနဲ့ အသင်းကြီး များစွာကို ဖြတ်ကျော်ပြီး ချန်ပီယံဆုကို သိမ်းပိုက်ခဲ့သလို Team Liquid ရဲ့ ကပ္ပတိန်ကြီး iNSaNia အနေနဲ့လည်း ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု အဖြစ် Mercedes-Benz ကားတစ်စီးကို လက်ခံ ရရှိခဲ့ပါတယ်။

iNSaNia

ယခုအခါမှာတော့ Team Liquid ရဲ့ နည်းပြချုပ်ဖြစ်သူ Blitz နဲ့ နာမည်ကျော် Caster တစ်ဦးဖြစ်သူ Capitalist တို့ ပြုလုပ်ခဲ့တဲ့ Podcast အစီအစဉ် တစ်ခုကနေ တစ်ဆင့် iNSaNia ရဲ့ ထင်မှတ်မထားတဲ့ လုပ်ရပ်တစ်ခုဟာ Dota2 အသိုင်းအဝိုင်း အကြားမှာ ဟိုးလေးတစ်ကျော် ပေါ်ပေါက်လို့ လာခဲ့ပါတယ်။ iNSaNia အနေနဲ့ အခုလို ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဆုကို လက်ခံရရှိဖို့ အသင့်တော်ဆုံးသူက miCKe ဖြစ်တယ်လို့ ထင်မှတ်မိတာကြောင့် miCKe ကို သူလက်ခံ ရရှိခဲ့တဲ့ Mercedes-Benz ကို ပေးအပ်သွားဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

Blitz & miCKe

“အမှန်အတိုင်းပြောရရင် ကျွန်တော် အပါအဝင် ESL One က Talent တွေ အနေနဲ့ iNSaNia က MVP ဆုကို ရရှိဖို့ ထိုက်တန်တယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အသင်းသားတွေ အကြားမှာ အထူးသဖြင့် iNSaNiA ကတော့ MVP ဆုကို miCKe သာ ရရှိသင့်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါကြောင့် iNSaNia အနေနဲ့ miCKe ကို သူရရှိလာတဲ့ Mercedes-Benz ကားသစ်ကြီးကို လက်ဆောင်ပေးဖို့ အတွက် နှစ်ဦးထဲရှိတဲ့ အချိန်မှာ ကမ်းလှမ်းခဲ့ပါတယ်။

တကယ်ကို မယုံနိုင်စရာပါပဲ။ ဒီအဖြစ်အပျက်ကို ကြည့်လိုက်တာနဲ့ iNSaNiA က ဘယ်လိုလူမျိုး ဆိုတာကို သိနိုင်ပါတယ်။ ဒေါ်လာ ၆၀၀၀၀ တန် ကားကြီးကို သူ့ထက် miCKe က ပိုမို လက်ခံ ရရှိဖို့ ထိုက်တန်တယ်လို့ ထင်မြင်မိတာကြောင့် အခုလို ပေးအပ်သွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ iNSaNiA နေရာမှာ အခြားတစ်ယောက်ဆို ဒီလိုလုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်မိပါဘူး။” လို့ Blitz ကတော့ ပြောသွားခဲ့ပါတယ်။

Capitalist & Blitz

ဒါ့အပြင် Blitz အနေနဲ့ Team Liquid မှာ နည်းပြချုပ် အဖြစ် တာဝန်ယူလာတာ တစ်နှစ်ကျော် ရှိလာခဲ့ပြီ ဖြစ်တာကြောင့် အသင်းကနေ ပြန်လည် ထွက်ခွာသွားဖို့ ဆုံးဖြတ်ထားကြောင်း၊ လက်ထောက်နည်းပြ အဖြစ် ရောက်ရှိလာတဲ့ Jabbz ဟာ ESL One Germany 2020 မှာ အသင်းအတွက် တကယ်ကို အရေးပါတဲ့ အခန်းကဏ္ဍကနေ တာဝန်ယူ လုပ်ကိုင်ပေးခဲ့ကြောင်း၊ Jabbz က နည်းပြချုပ် အဖြစ် တာဝန်ယူသွားဖို့ ပိုမို ထိုက်တန်ကြောင်းတွေကိုလည်း အဆိုပါ Podcast အစီအစဉ်မှာ ပြောကြားသွားခဲ့ပါတယ်။

REF: AfkGaming