ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်ခဲ့ခြင်း မရှိတဲ့ Keen Gaming Dota 2 အသင်း ကစားသမား Dark

တရုတ်နိုင်ငံတွင်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ လူဦးရေ တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့တာကြောင့် Valve အနေနဲ့ 2019-2020 DPC ရာသီရဲ့ တတိယမြောက် Major ပြိုင်ပွဲ ESL One Los Angeles Major တရုတ်ဒေသတွင်း Closed Qualifier လက်ရည်စစ်တွေပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာ စတင် ယှဥ်ပြိုင်စေခဲ့ပါတယ်။

အခုလို အချိန်နောက်ဆုတ်ပြီးမှသာ ယှဥ်ပြိုင်စေခဲ့ပေမယ့်လည်း ESL One Los Angeles Major Closed Qualifier မှာ ဝင်ရောက် ယှဥ်ပြိုင်သွားရမယ့် Keen Gaming Dota 2 အသင်းရဲ့ Offlane ကစားသမားဖြစ်သူ Song “Dark” Runxi ကတော့ အသင်းနဲ့ လာ‌ရောက် ပူးပေါင်းနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

Dark

Dark အနေနဲ့ နှစ်သစ်ကူး အားလပ်ရက် ကာလမှာ မွေးရပ်မြေကို အလည် ပြန်သွားခဲ့တာဖြစ်ပြီး Dark ရောက်ရှိနေတဲ့ ဒေသဟာ ယခုအခါမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ဒေသအဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်တာကြောင့် အသင်းနဲ့ လာရောက် ပူးပေါင်းဖို့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Keen Gaming အနေနဲ့ အစပထမမှာ Dark ကို နေအိမ်ကနေ တစ်ဆင့် လက်ရည်စစ်ပွဲမှာ ဝင်ရောက် ကစားပေးဖို့ စီစဥ်ခဲ့ပေမယ့်လည်း ကံဆိုးစွာနဲ့ နေအိမ်မှာ တည်ရှိနေတဲ့ ကွန်ပြူတာက ကောင်းမွန်စွာ အလုပ်လုပ်ခြင်း မရှိတော့တာကြောင့် ကွန်ပြူတာ တစ်လုံး အစားထိုးပေးဖို့ Dark ဘက်က တောင်းဆိုလာခဲ့ပါတယ်။

Dark တောင်းဆိုတဲ့ အတိုင်း ကွန်ပြူတာ တစ်လုံး အမြန်ဆုံး ပေးပို့ဖို့ Keen Gaming ဘက်က စီစဥ်ခဲ့ပေမယ့်လည်း ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သယ်ယူပို့ဆောင်ရေး အပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ESL One LA Major Closed Qualifier ပွဲစဥ်တွေမှာ Vici Gaming လက်အောက်ခံ ကစားသမား တစ်ဦးဖြစ်တဲ့ Sun “Srf” Runfa ကို အစားထိုး ကစားသမား အဖြစ် အသုံးပြုသွားဖို့ အခုလို ဆုံးဖြတ်ချက် ချလိုက်ရတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်နေတဲ့ သတင်း အချက်အလက်များ အရ Keen Gaming အနေနဲ့ ESL One LA Major လက်ရည်စစ်ပွဲကို အောင်မြင်သွားခဲ့မယ်ဆိုရင် Srf ကိုသာ အစားထိုး ကစားသမား အဖြစ် ပြိုင်ပွဲပြီးဆုံးသွားတဲ့ အချိန်ထိ အသုံးပြုသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

Srf

Keen Gaming အနေနဲ့ လက်ရှိအချိန်မှာ Ehome, Invictus Gaming, Astralis, Look For Smile စတဲ့ Dota 2 အသင်းတွေနဲ့ တစ်အုပ်စုတည်း ယှဥ်ပြိုင်လျက် ရှိတာကြောင့် Keen Gaming အနေနဲ့ ESL One LA Major မှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့်ကို သိမ်းပိုက်သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: VpEsports