လစာရတိုင်း အကြွေးမဆပ်ရအောင် ဘယ်လိုနေမလဲ

တစ်လတစ်လ ရသမျှလစာလေးတွေကို အကြွေးဆပ်နေရတာနဲ့ပဲ ကုန်နေလို့ လစာထုတ်ရက်ရောက်လာမှာကိုတောင် ကြောက်နေရပြီလား။ ဒါဆိုရင်တော့ သိပ်အခြေအနေမကောင်းတော့ပါဘူး။ ရှာသမျှပိုက်ဆံလေးတွေဟာ သုံးရတယ်လို့ကို မရှိဘဲ အကြွေးတွေ၊ အတိုးတွေကြားမှာပဲ တဝဲလည်လည်နဲ့ ဆုံးဆုံးမြုပ်သွားတော့မှာပါပဲ။ ဒီလိုမဖြစ်ရအောင် အလုပ်လုပ်ပြီဆိုတာနဲ့ ပိုက်ဆံနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့နည်းစနစ်တွေနဲ့ နည်းဗျူဟာတွေရှိဖို့တော့ လိုအပ်နေပြီနော်။

ကိုယ့်ကိုယ်ကိုယ် Budget သတ်မှတ်ပါ
ကိုယ့်ရှာတဲ့ပိုက်ဆံပဲဆိုပြီး ကြိုက်သလို ကိုင်သုံးနေလို့ကတော့ အကြွေးတင်နေတာ မဆန်းပါဘူး။ ဒီတော့ တစ်လစာ ကိုယ် သုံးဖြုန်းဖို့အတွက်၊ လိုအပ်တာဝယ်ယူဖို့အတွက်၊ အစားအသောက်ကောင်းလေးတွေစားဖို့အတွက်စတဲ့ ကိုယ်လုပ်ချင်တဲ့အလုပ်တွေအားလုံးအတွက် Budget သတ်မှတ်ထားလိုက်ပါ။ ဥပမာ – တစ်လကို တစ်သိန်းဖိုးပဲ Shopping ထွက်မယ်။ ဘယ်လောက်လိုချင်ပါစေ တစ်သိန်းဖိုးကျော်သွားပြီဆိုရင်တော့ နောက်လရောက်မှ ဝယ်မယ်ဆိုပြီး တိကျတဲ့ Budget ကိုသတ်မှတ်လိုက်ပါ။

အရစ်ကျနဲ့ အကြွေးဝယ်ကဒ်တွေကို ကန့်သတ်ပါ
အခုနောက်ပိုင်း ငွေချေးစနစ်တွေ အဆင့်မြင့်လာတာကြောင့် အလုပ်တစ်ခုလက်ကိုင်ပြနိုင်တာနဲ့ အရစ်ကျငွေချေးပေးပြီး ပစ္စည်းတွေဝယ်လို့ရတဲ့ ဝန်ဆောင်မှုတွေ ဒါမှမဟုတ် အကြွေးသုံးလို့ရတဲ့ကဒ်တွေ အများအပြားပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် သေချာတယ်။ အဲဒါ ထောင်ချောက်။ တစ်ခေါက်ယူမိသွားရင် အနည်းဆုံးတော့ (၃)လ အကြွေးတင်တော့မှာ သေချာသွားပါပြီ။ ဒီလိုပြောလို့ အကြွေးဝယ်ကဒ်တွေနဲ့ ဒီလိုဝန်ဆောင်မှုတွေကို ကျောခိုင်းဖို့တော့ မလိုအပ်ပါဘူး။ အရေးပေါ်လို့ သုံးစရာရှိလာရင် သုံးဖို့တော့ ပြင်ဆင်ထားပါ။ ဒါပေမယ့် တခြားဘယ်နေရာမှာမှ မသုံးစွဲမိပါစေနဲ့။ အရမ်းအရမ်း အရေးကြီးမှသာ သုံးပါနော်။

စုဆောင်းဖို့ နောက်မကျပါစေနဲ့
သေရေးရှင်ရေးဖြစ်လာတဲ့အချိန်မှာ ငွေမစုမိလေခြင်းဆိုတဲ့ နောင်တ ကျိန်းသေပေါက် အကြီးအကျယ်ရပါလိမ့်မယ်။ ငွေက ဒုတိယဘုရားသခင်ဆိုတာ ငြင်းလို့မရပါဘူး။ ငွေစုဖို့ နောက်မကျပါစေနဲ့။ မိဘတွေကို ပြန်ကြည့်နိုင်ဖို့ ငွေစုပါ။ အလုပ်မရှိချိန်မှာ စားဝတ်နေရေးအဆင်ပြေဖို့ ငွေစုပါ။ ကျန်းမာရေးအတွက် ငွေစုပါ။ အကြောင်းပြချက်ပေးပြီးတော့သာ ငွေစုပါ။ သုံးရတာ လွယ်ပါတယ်။ စုထားပြီးမှ သုံးတော့လည်း ပိုသုံးရတယ်လို့သာ တွေးပြီး အခုချက်ချင်း ငွေစုပါ။

နေ့စဉ်အသုံးစရိတ်ကို ဂရုစိုက်ပါ
သင်္ဘောတစ်စီးကို နစ်မြုပ်သွားစေတာက အပေါက်သေးသေးလေးတစ်ခုကြောင့်သာ အများဆုံးဖြစ်နိုင်ပါတယ်။ ဒီလိုပဲ တစ်ခါတလေကျတော့ လစာထုတ်လို့ သွားလိုက်စားလိုက်တာက အဲဒီလောက် ကုန်သွားတာမဟုတ်ပါဘူး။ ပိုက်ဆံလေးရှိတယ်ဆိုပြီး ပုံမှန် ထမင်းဟင်းစားနေရာက ကြေးအိုးဝယ်စားနေမိတာတွေ၊ ပုံမှန်သရေစာစားလေ့မရှိတဲ့သူက အိတ်ကပ်ထဲမှာ ပိုက်ဆံရှိနေလို့ သရေစာတွေ ဗုံးပေါ်လအော ဝယ်စားမိတာတွေက အဲဒီလကို အကြွေးတင်သွားစေတဲ့ အဓိကတရားခံပါပဲ။ ဒီတော့ နေ့စဉ်အသုံးစရိတ်ဟာ ပုံမှန်ထက်ပိုနေပြီလားဆိုတာကို ခဏတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ပါ။

အကြွေးပဲတင်တယ်။ ငွေမစုမိဘူးဆိုတာ အဓိက အလိုလိုက်ခံထားရတဲ့ စိတ်ကြောင့်ဖြစ်လာရတဲ့ ပြဿနာတွေချည်းပါပဲ။ ဒီတော့ စိတ်ကို အလိုမလိုက်ပါနဲ့။ စိတ်ကို စည်းကမ်းသတ်မှတ်ပါ။ တစ်လလုံးလည်း ပြဿနာပေါင်းစုံထဲကနေ ပင်ပင်ပန်းပန်းလည်း ရှာဖွေထားရသေးတယ်။ လကုန်တော့ အရင်က ယူထားတဲ့အကြွေးတွေကို ထိုးဆပ်လိုက်ရတယ်ဆိုရင် ဘယ်လိုလုပ်ပင်ပန်းခံရကျိုးနပ်တော့မှာလဲ။ ဒီလိုပြဿနာတွေမဖြစ်ရအောင် အခြေခံကျတဲ့ အခုပြောပြထားသလို အကျင့်လေးတွေကို စည်းကမ်းတကျ ပြင်ဆင်လိုက်မယ်ဆိုရင် မကြာခင်မှာ လက်ဖျားရွှေမသီးရင် ကြိုက်သလို လာပြောပါနော်။

Moethaesay (Akhayar)