ကလေးငယ်များအား တစ်နေ့လျင် မိနစ် (၉၀) သာ ဂိမ်းကစားခွင့်ပြုမယ့် ဥပဒေသစ်ကို ပြဌာန်းတော့မှာဖြစ်တဲ့ တရုတ်အစိုးရ

တရုတ်နိုင်ငံမှာ ပြဌာန်းတော့မှာဖြစ်တဲ့ ဥပ‌ဒေအသစ်အရ အသက် (၁၈) နှစ်အောက် ကလေးငယ်တွေ အနေနဲ့ ကျောင်းဖွင့်ရက် (တနင်္လာ - သောကြာ) အတွင်း တစ်နေ့ကို မိနစ် (၉၀) သာ ဂိမ်းကစားခွင့် ပြုတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ပိတ်ရက်တွေမှာတော့ (စနေ - တနင်္ဂနွေ) တစ်နေ့ကို သုံးနာရီ ဂိမ်းကစားခွင့် ပြုသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂိမ်းကစားခွင့်ကို မနက် (၈) နာရီကနေ ည (၁၀) နာရီအတွင်းသာ အသုံးပြုခွင့်ရမှာဖြစ်ပြီး ည (၁၀)  နာရီနောက်ပိုင်း ဂိမ်းကစားခြင်းကိုလည်း တားမြစ်ထားပါတယ်။ ဂိမ်းကစားခွင့်ကို ကန့်သတ်လိုက်တဲ့ အပြင် Gaming Character တွေကို အလှဆင်ရတာ ကြိုက်နှစ်သက်တဲ့ ကလေးငယ်တွေ အတွက် နောက်ထပ် အထိနာစေတဲ့ အချက်တစ်ချက်ကတော့ In-Game Product တွေ ဝယ်ယူခွင့်ကို ကန့်သတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

အသစ် ပြဌာန်းသွားမယ့် ဥပဒေအရ အသက် (၈) နှစ်အောက် ကလေးငယ်တွေ အနေနဲ့ In-Game Product တွေကို ဝယ်ယူခွင့် ရှိတော့မှာ မဟုတ်ပါဘူး။ အသက် (၈) နှစ်ကနေ (၁၆) နှစ်ကြား ကလေးငယ်တွေကတော့ တစ်လကို အမေရိကန်ဒေါ်လာ (၂၈) ဒေါ်လာခန့် ဝယ်ယူခွင့် ရရှိမှာြဖစ်ပြီး အသက် (၁၆) နှစ်ကနေ (၁၈) နှစ်အကြား ကလေးငယ်တွေကတော့ တစ်လကို အမေရိကန်ဒေါ်လာ (၄၀) ခန့် In-Game Product အတွက် အသုံးပြုခွင့် ရရှိမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံတွင်းမှာ ပြဌာန်းထားတဲ့ Gaming ဆိုင်ရာ ဥပဒေတွေ အထဲမှာ ယခု ပြဌာန်းဖို့အတွက် ပြင်ဆင်နေတဲ့ ဥပဒေအသစ်က အပြင်းထန်ဆုံးလို့ ပြောလို့ရပါတယ်။ အခုလို ဥပဒေအသစ်ကို ပြဌာန်းလိုက်မယ်ဆိုရင် Game တစ်ခုကို ဆော့ဖို့ အတွက် Register လုပ်ရာမှာ နာမည်အစစ်ကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ နာမည်အစစ်နဲ့ Register လုပ်နိုင်ရန် အတွက်လည်း Game Developer တွေကို Registration Feature အသစ် တစ်ခု ပြောင်းလဲ ထည့်သွင်းပေးဖို့ တရုတ် အစိုးရက တောင်းဆိုထားပါတယ်။

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များအရ တရုတ်နိုင်ငံ အခြေစိုက် Gaming ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Tencent ကတော့ ဥပဒေအသစ်ကို အကောင်အထည် ဖော်နိုင်ရန် အတွက် Registration Feature ကို အမြန်ဆုံး ထည့်သွင်းပေးဖို့ ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကျွမ်းကျင်သူများကတော့ သိပ်မကြာခင် အချိန်အတွင်းမှာ ဂိမ်းကစားဖို့ အတွက် Facial Recognition စနစ်ကိုပါ တရုတ်အစိုးရ အနေနဲ့ အသုံးပြုသွားဖို့ တောင်းဆိုလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ လက်ရှိအချိန်မှာ နည်းပညာတွေ အဆင့်ဆင့် တိုးတက်လာတာနဲ့အမျှ ကလေးငယ် အများစု အနေနဲ့ ကွန်ပြူတာတွေ၊ စမတ်ဖုန်းတွေကို ငယ်ရွယ်စဥ် အချိန်ကတည်းက ကျွမ်းကျင်စွာ အသုံးပြု တတ်လာကြပြီ ဖြစ်ပါတယ်။

အခုလို ကွန်ပြူတာတွေ၊ စမတ်ဖုန်းတွေနဲ့ အကျွမ်းတဝင် ရှိခြင်းကြောင့် ကောင်းကျိုးပေါင်း များစွာကို ရရှိစေမှာ ဖြစ်ပေမယ့်လည်း အလွန်အကျွံ ဂိမ်းဆော့ခြင်းဆိုတဲ့ ဆိုးကျိုးကြီးကလည်း တွဲလျက်ဆိုသလို ကပ်ပါလို့ လာခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ အစိုးရ အနေနဲ့ အခုလို ဥပဒေအသစ်ကို ပြဌာန်းဖို့ အတွက် ဆုံးဖြတ်ချက်ချခဲ့ပုံပါပဲ။

ဒါပေမယ့်လည်း အသင့် ဆော့ကစားရုံ ပြုလုပ်ထားတဲ့ Game Account ပေါင်းမြောက်များစွာ အင်တာနက်ပေါ်မှာ အလွယ်တကူ ဝယ်ယူလို့ရနိုင်တဲ့အပြင် ၂၁ ရာစု ကလေးငယ်တွေ အတွက် အသက်လိမ်ပြီး Register လုပ်ရတာ ရေသောက်တာထက်တောင် ပိုမို လွယ်ကူတဲ့ ကိစ္စတစ်ခု ဖြစ်နေတာကြောင့် တရုတ်နိုင်ငံ အစိုးရအနေနဲ့ ဥပဒေ အသစ်ကို တရားဝင် ပြဌာန်းပြီး နောက်ပိုင်းမှာ ဘယ်လို ကိုင်တွယ်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AbacusNews