LPL ပွဲစဥ်များကို Online Format ဖြင့် မတ်လ (၅) ရက်နေ့က စတင်ကာ ပြန်လည် ကျင်းပသွားမည်

တရုတ်နိုင်ငံ အခြေစိုက် ပရိုဖက်ရှင်နယ် League of Legends ပြိုင်ပွဲဖြစ်တဲ့ League of Legends Pro League (LPL) ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ၊ ၁၃ ရက်နေ့မှာ စတင် ကျင်းပခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမပတ် ပွဲစဥ်တွေ ပြီးဆုံးစဥ် အချိန်ကတည်းက ပြိုင်ပွဲကာလကို ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။

League of Legends Pro League (LPL) ပြိုင်ပွဲကို ယခင်အချိန်တွေတုန်းက Shanghai, Hangzhou, Suzhou, Chengdu, Xi’an, Beijing, Suzhou စတဲ့ မြို့တော်တွေမှာ အလှည့်ကျ ကျင်းပခဲ့ပေမယ့် ယခုအခါမှာ တရုတ်နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့လျက်ရှိတာကြောင့် Online Format အဖြစ် ပြောင်းလဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

LPL ပြိုင်ပွဲ ကျင်းပရေး အဖွဲ့အစည်း အနေနဲ့ ယခု အကြောင်းအရာနဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြား သွားခဲ့ပါတယ်။

“သက်ဆိုင်ရာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ခြင်း မရှိသေးတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေကလွဲပြီး သက်ဆိုင်ရာ အသင်း ကိုယ်စီမှာ ရောက်ရှိနေတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေ အနေနဲ့ လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာ ဆေးစစ်ချက်တွေကို ခံယူသွားရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ် ပြန့်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်စေဖို့ အတွက် LPL ပြိုင်ပွဲများကို Offline Format အဖြစ်ကနေ Online Format အဖြစ် ပြောင်းလဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။”

LPL Summer 2019 Champion (FunPlus Phoenix)

League of Legends Pro League (LPL) ပြိုင်ပွဲကို Offline Format ဖြင့် ကျင်းပခဲ့စဥ်က တစ်နေ့ကို နှစ်ပွဲသာ ယှဥ်ပြိုင်ခိုင်းခဲ့ပေမယ့် လက်ရှိအချိန်မှာ အခြားသော ပြိုင်ပွဲတွေထက် ပွဲစဥ် ပြီးဆုံးမှုတွေ နောက်ကျနေခဲ့ပြီ ဖြစ်တာကြောင့် Online Format ဖြင့် ယှဥ်ပြိုင်တဲ့ အခါမှာ တစ်နေ့ကို နှစ်ပွဲထက် ပိုပြီး ယှဥ်ပြိုင်ခိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

REF: VpEsports