ကိုယ်ပိုင် Esports အဖွဲ့အစည်းကို တည်ထောင်လိုက်တဲ့ နာမည်ကျော် ဘောလုံးစတား Aguero

ကမ္ဘာ့ဘောလုံး လောကရဲ့ နာမည်ကျော် ကစားသမား တစ်ဦးဖြစ်တဲ့ Sergio Aguero အနေနဲ့ Esports လောက အထဲကို စတင် ဝင်ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။ Aguero အနေနဲ့ KRU Esports အမည်ရ Esports အဖွဲ့အစည်းကို တည်ထောင်ခဲ့တာဖြစ်ပြီး တည်ထောင်သူ အဖြစ်အပြင် CEO အဖြစ်ပါ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Aguero အနေနဲ့ ပြီးခဲ့တဲ့လ အနည်းငယ်ခန့်က စတင်ပြီး Twitch ကနေ တစ်ဆင့် FIFA 20, Fall Guys, Among Us စတဲ့ ဂိမ်းများကို Streaming ပြုလုပ်ခဲ့ပြီး ယခုအခါမှာ ကိုယ်ပိုင် Esports အဖွဲ့ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ KRU Esports ဘက်မှ ထုတ်ပြန် ကြေညာချက်များ အရ လက်ရှိအချိန်မှာ FIFA 21 အသင်းကိုသာ တည်ထောင်သွားဦးမှာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ LOL, CS: GO စတဲ့ Esports ကဏ္ဍတွေမှာပါ သက်ဆိုင်ရာ အသင်းတွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

KRU Esports ကိုယ်စားပြု FIFIA 21 အသင်းကို နိုဝင်ဘာလမှာ ကြေညာသွားမှာဖြစ်ပြီး အာဂျင်တီးနား၊ စပိန် ၂ နိုင်ငံ အခြေစိုက် Esports အဖွဲ့အစည်း အဖြစ် တည်ထောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် KRU Esports အနေနဲ့ Rocket League, VALORANT, Fortnite စတဲ့ Esports ကဏ္ဍတွေမှာလည်း သက်ဆိုင်ရာ အသင်းတွေ ဖွဲ့စည်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

KRU Esports အဖွဲ့အစည်းရဲ့ တည်ထောင်သူဖြစ်တဲ့ Aguero ကတော့ အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“KRU Esports အဖွဲ့အစည်းကို တည်ထောင်ခဲ့ရတဲ့ ရည်မှန်းချက်ကတော့ ကစားသမားတွေ အားလုံး အနေနဲ့ မိမိ ချစ်မြတ်နိုးတဲ့ဂိမ်းကို စိတ်အနှောင့်အယှက် ကင်းဝေးစွာ ကစားနိုင်ဖို့ ရည်ရွယ်ပြီး တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ အခွင့်အရေးတွေ အများကြီး ဖန်တီးပေးသွားချင်ပါတယ်။ နောက်ပြီးတော့ Esports လောကက တကယ်ကို ပျော်ရွှင် နှစ်သက်ဖွယ် ကောင်းကြောင်း လူအများစု သိရှိလာအောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။”

REF: AfkGaming