Mineski လက်အောက်ခံ အဖွဲ့စည်းဖြစ်ကနေ နှုတ်ထွက်ပြီး ကိုယ်ပိုင် Esports အဖွဲ့အစည်း IO Esports ကို တည်ထောင်ခဲ့တဲ့ MET Malaysia

MET Malaysia (Mineski Events Team Malaysia) ဆိုတာကတော့ မလေးရှား ဒေသတွင်း Esports ပြိုင်ပွဲတွေ၊ Mineski Esports အဖွဲ့အစည်း အပိုင် မလေးရှားနိုင်ငံ အခြေစိုက် Minseki Infinity ဆိုက်ဘာကဖေးတွေကို ဦးစီး ဆောင်ရွက်ပေးရတဲ့ အဖွဲ့အစည်း တစ်ခုပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ MET Malaysia အဖွဲ့အစည်း အနေနဲ့ Mineski Esports လက်အောက်ခံ အဖွဲ့အစည်း အဖြစ်ကနေ နှုတ်ထွက်ကာ ကိုယ်ပိုင် Esports အဖွဲ့အစည်းဖြစ်တဲ့ IO Esports ကို တည်ထောင်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

IO Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူ Kenchi Yap ရဲ့ ပြောကြားချက်များအရ အဖွဲ့အစည်း နှစ်ခုအကြား ခံယူချက်တွေ၊ ရည်ရွယ်ချက်တွေ၊ ရှေ့ဆက် လျှောက်လှမ်းလိုတဲ့ နည်းဗျူဟာတွေ တူညီခြင်း မရှိတော့တာကြောင့် အခုလို ကိုယ်ပိုင် Esports အဖွဲ့အစည်းကို တည်ထောင်လိုက်ရတာ ဖြစ်ပေမယ့် အဖွဲ့အစည်း နှစ်ခု အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

IO Esports အဖွဲ့အစည်း အနေနဲ့ Mineski လက်အောက်ခံ အဖွဲ့အစည်း မဟုတ်တော့ပေမယ့် မလေးရှားနိုင်ငံ အခြေစိုက် Mineski Infinity ဆိုက်ဘာကဖေးတွေကိုတော့ ဆက်လက် ဦးစီးပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် IO Esports အဖွဲ့သားတွေ အနေနဲ့ Mineskiလက်အောက်ခံ အဖွဲ့အစည်း အဖြစ် တည်ရှိနေစဥ် အချိန်ကတည်းက MLBB M1 World Championships ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်အောင် ကြိုးပမ်းနိုင်ခဲ့ပါတယ်။

MLBB M1 World Championship

MLBB M1 World Championships ပြိုင်ပွဲကို လာရောက် ကြည့်ရှုသူဦးရေ (၄၀၀၀) ကျော်၊ YouTube ကနေ တစ်ဆင့် တိုက်ရိုက် ကြည့်ရှုသူဦးရေ ၆ သိန်းခွဲကျော် ရှိခဲ့တာကြောင့် ကိုယ်ပိုင် Esports အဖွဲ့အစည်း အဖြစ် ပြောင်းလဲ ရပ်တည်သွားမှာ ဖြစ်ပေမယ့်လည်း IO Esports အနေနဲ့ ကြီးကျယ် ခမ်းနားတဲ့ ပြိုင်ပွဲတွေ ထပ်မံ ပေါ်ပေါက်လာအောင် ကြိုးပမ်းသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

MLBB M1 World Championship

IO Esports အဖွဲ့အစည်းဘက်ကတော့ လက်ရှိအချိန်ထိ ရှေ့ဆက် လျှောက်လှမ်းသွားမယ့် နည်းဗျူဟာတွေ၊ ရည်ရွယ်ချက်တွေကို တရားဝင် ချပြခြင်း မရှိသေးပေမယ့် အရှေ့တောင်အာရှ ဒေသတွင်း ပြိုင်ပွဲပေါင်း မြောက်များစွာ ကျင်းပနိုင်ရေး၊ Live Production တွေ ဖန်တီးနိုင်ရေးကို အဓိက ဦးစားပေး လုပ်ဆောင်သွားဖွယ် ရှိတယ်လို့ ကျွမ်းကျင်သူများကတော့ ခန့်မှန်းထားကြပါတယ်။ ဒါ့အပြင် IO Esports အနေနဲ့ အရှေ့တောင်အာရှမှာ လက်တလော ရေပန်းစားလျက်ရှိတဲ့ Mobile Gaming ဘက်ကို ဦးစားပေး ဆောင်ရွက်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။

REF: EsportsInsider