အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ဝင်ငွေ ရှာဖွေနိုင်ခဲ့ပြီဖြစ်တဲ့ Mobile Legends

Mobile Legends: Bang Bang ဆိုတာကတော့ အရှေ့တောင်အာရှ မိုဘိုင်း MOBA လောကမှာ ပြိုင်ဘက်ကင်း ရပ်တည်နေနိုင်တဲ့ ဂိမ်းတစ်ခု ဖြစ်သလို အရှေ့တောင်အာရှရဲ့ လူဆော့အများဆုံး MOBA အမျိုးအစား ဂိမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အတွင်းမှာ MLBB အနေနဲ့ ပထမဆုံး ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲဖြစ်တဲ့ M1 World Championship ပြိုင်ပွဲကြီးကို ကျင်းပနိုင်ခဲ့သလို အခြားသော ပြိုင်ပွဲပေါင်းများစွာကိုလည်း ကျင်းပနိုင်ခဲ့ပါတယ်။

M1 World Championship

လက်ရှိအချိန်မှာ Mobile Legends ကို ဒေါင်းလုပ်ဆွဲ အသုံးပြုသူ သန်း ၅၀၀ အထိ မြင့်တက်လာခဲ့ပြီ ဖြစ်သလို MLBB အနေနဲ့ ၂၀၁၉ ခုနှစ် အတွင်းမှာ ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၁၄ သန်းခန့် ရှာဖွေနိုင်ခဲ့တာကြောင့် MLBB စတင် ထွက်ရှိခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ လက်ရှိအချိန်ထိ စုစုပေါင်း ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၅၀၀ ခန့် ရှာဖွေနိုင်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

MLBB အနေနဲ့ လက်ရှိအချိန်မှာ Mobile Legends Professional League (MPL) ပြိုင်ပွဲများကို အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံ အများစုမှာ ကျင်းပလျက် ရှိသလို ဒုတိယမြောက် ကမ္ဘာ့ချန်ပီရှစ် ပြိုင်ပွဲကြီးကိုလည်း ကျင်းပသွားဖို့ သေချာသလောက် ရှိနေခဲ့ပြီ ဖြစ်တာကြောင့် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ MLBB ရဲ့ ဝင်ငွေဟာ ယခုထက် ပိုမို တိုးပွားလာဖွယ် ရှိပါတယ်။

League of Legends: Wild Rift

လက်ရှိအချိန်မှာ MOBA အမျိုးအစား မိုဘိုင်းဂိမ်း တစ်ခုဖြစ်တဲ့ Arena of Valor (Honor of Kings) အနေနဲ့ ဒေါင်းလုပ်ဆွဲ အသုံးပြုသူ အများဆုံး၊ ဝင်ငွေအများဆုံး MOBA အမျိုးအစား မိုဘိုင်းဂိမ်း အဖြစ် ရပ်တည်နေခဲ့သလို မကြာခင် အချိန်မှာ Riot Games ရဲ့ League of Legends: Wild Rift မိုဘိုင်းဂိမ်းကလည်း ထွက်ရှိ‌တော့မှာ ဖြစ်တာကြောင့် MLBB အနေနဲ့ အခြားသော ပြိုင်ဘက်တွေထက် နှာတစ်ဖျားအသာ ရရှိအောင် မည်သို့မည်ပုံ ဆောင်ရွက်သွားမယ် ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming