ကမ္ဘာ့အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့တဲ့ ပရိုဖက်ရှင်နယ် CSGO အသင်း Natus Vincere

နာမည်ကျော် CSGO အသင်း Natus Vincere အတွက် (၂၀၂၀) ခုနှစ်က အချိုပေါ် သကာဆင့်တဲ့ နှစ်တစ်နှစ် ဖြစ်လာခဲ့ပြီလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ Natus Vincere အနေနဲ့ (၂၀၂၀) ခုနှစ်၊ (၂) လပိုင်း၊ (၁) ရက်နေ့ကနေ (၆) ရက်နေ့အထိ ကျင်းပခဲ့တဲ့ ICE Challenge 2020 မှာ ဒုတိယ၊ (၁) လပိုင်း၊ (၃၁) ရက်နေ့ကနေ (၂) လပိုင်း (၁၆) ရက်နေ့အထိ ကျင်းပခဲ့တဲ့ BLAST Premier: Spring 2020 Regular Season မှာ (1st – 3rd) စတဲ့ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပ ပြီးစီးခဲ့တဲ့ IEM Katowice 2020 မှာလည်း ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အခုလို အောင်မြင်မှုတွေ ဆက်တိုက် ဆိုသလို စွတ်ခူးနိုင်ခဲ့တာကြောင့် Natus Vincere အနေနဲ့ ကမ္ဘာ့အဆင့် (၂) နေရာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Na’Vi CSGO အသင်း အနေနဲ့ ရမှတ် (၈၁၂) မှတ်နဲ့ ကမ္ဘာ့အဆင့် (၂) နေရာမှာ ရပ်တည်လျက်ရှိပြီး ကမ္ဘာ့အဆင့် (၁) နေရာမှာ ရပ်တည်လျက်ရှိတဲ့ Astralis နဲ့ ရမှတ် လေးမှတ်သာ ကွာဟတဲ့ အခြေအနေအထိ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Natus Vincere CSGO အသင်း အနေနဲ့ ယခင် အချိန်တွေတုန်းက အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ Oleksandr “s1mple” Kostyliev အ‌ပေါ်ကို မှီခို ကစားခဲ့ရပေမယ့် IEM Katowice 2020 ပြိုင်ပွဲမှာ အသင်းလိုက် ကစားဟန်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့သလို Guardian ရဲ့ နေရာကို အစားထိုး ဝင်ရောက်လာခဲ့တဲ့ လူငယ်ကစားသမားလေး Perfecto အနေနဲ့လည်း ထင်မှတ်မထားလောက်အောင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့် Natus Vincere CSGO အသင်း အနေနဲ့ နောင်ကျင်းပသွားမယ့် ပြိုင်ပွဲတွေမှာ IEM Katowice 2020 ပြိုင်ပွဲမှာလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက် ပြသသွားနိုင်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့မယ် ဆိုရင်တော့ အချိန်ကြာမြင့်စွာ ဝေးကွာနေခဲ့ရတဲ့ ကမ္ဘာ့အဆင့် (၁) နေရာကို Astralis ဆီကနေ လွှဲပြောင်း ရယူနိုင်မှာ ဖြစ်တာကြောင့် Na’Vi CSGO အသင်း အနေနဲ့ ကမ္ဘာ့ အဆင့် (၁) နေရာကို ထပ်မံ တက်လှမ်း သွားနိုင်မလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: AfkGaming