Major လက်ရည်စစ်ပွဲ စတင်ရန် လေးရက်ခန့် အလိုမှာ အသင်းပြောင်းရွေ့သွားခဲ့တဲ့ Na’Vi Dota 2 အသင်း ကပ္ပတိန်

Na’Vi Dota 2 အသင်းမှာ ကပ္ပတိန်အဖြစ် လေးလခန့် တာဝန်ယူပြီးတဲ့ နောက်မှာတော့ Bakyt “Zayac” Emilzhanov တစ်ယောက် CIS အင်အားကြီး Dota 2 အသင်း Virtus Pro ကို ပြောင်းရွေ့လို့ သွားခဲ့ပြီ ဖြစ်ပါတယ်။ Zayc အနေနဲ့ Na’Vi Dota 2 အသင်းကို ၂၀၁၉ ခုနှစ် ၄ လပိုင်းမှာ ရောက်ရှိခဲ့တာဖြစ်ပြီး Na’Vi Dota 2 အသင်းရဲ့ ကပ္ပတိန်ဟောင်း Sonneiko အသင်းကနေ ထွက်ခွာသွားချိန်မှာ ကပ္ပတိန်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

Na’Vi Dota 2 အသင်း အနေနဲ့ 2019-2020 DPC ရာသီရဲ့ ပထမဆုံး Major/ Minor ပြိုင်ပွဲတွေမှာ ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိခဲ့ခြင်း မရှိသလို ဒုတိယမြောက် Major ပြိုင်ပွဲ DreamLeague Season 13 မှာလည်း အဆင့် 9th – 12th နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အခုလို ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ Virtus Pro Esports အဖွဲ့အစည်းရဲ့ CEO ဖြစ်သူက Na’Vi Dota 2 အသင်းကို ကစားသမား အပြောင်းအရွေ့ အတွက် မကမ်းလှမ်းဘဲ ကစားသမားဖြစ်သူ Zayac ကို တိုက်ရိုက် ချဥ်းကပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Zayac

လက်ရှိအချိန်မှာ အဖွဲ့အစည်း နှစ်ခု အကြား သဘောတူညီမှု ရရှိသွားပြီ ဖြစ်တာကြောင့် မကြာခင် အချိန်အတွင်းမှာ ကျင်းပသွားမယ့် ESL One LA Major လက်ရည်စစ်ပွဲမှာ Zayac တစ်ယောက် Virtus Pro Dota 2 အသင်း အတွက် ကစားပေးသွားတော့မှာ ဖြစ်ပါတယ်။ VP Dota 2 အသင်း အနေနဲ့ Zayac ကို ခေါ်ယူခဲ့သလို အသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ Save- နဲ့ Epileptick1d တို့ကိုလည်း အသင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

Save- နေရာမှာ Zayac အနေနဲ့ ဝင်ရောက် ကစားသွားမှာ ဖြစ်သလို အသင်းရဲ့ Carry ကစားသမား Epileptick1d နေရာ အတွက်ကိုတော့ CIS ဒေသရဲ့ နာမည်ကျော် ကစားသမား တစ်ယောက်ဖြစ်တဲ့ Cooman ကို အစမ်းခန့် သဘောဖြင့် ခန့်အပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Cooman

ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရခြင်းနဲ့ ပတ်သတ်ပြီး VP Esports အဖွဲ့အစည်းရဲ့ General Manager ဖြစ်သူ Sergey Gramazda ကတော့ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

“Leipzig Major ပြီးဆုံးသွားချိန်မှာ အသင်းရဲ့ လိုအပ်ချက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ အဲဒီ လိုအပ်ချက်တွေကို ကစားသမားဟောင်းတွေနဲ့ ဆက်လက် ပြင်ဆင်သွားဖို့ ဖြစ်နိုင်ခြင်း မရှိဘူးလို့ ထင်မြင်မိတာကြောင့် အခုလို ကစားသမားသစ်တွေ ခေါ်ယူခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ယခု DPC ရာသီမှာ အောင်မြင်မှုတွေ စွတ်ခူးနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားမှာပါ။

Cooman နဲ့ Zayac တို့ကို အသင်းအတွက် ခေါ်ယူလိုက်နိုင်တဲ့ အတွက်လည်း တကယ်ကို စိတ်လှုပ်ရှားမှုမိပါတယ်။ သူတို့နှစ်ယောက်ရဲ့ အတွေ့အကြုံတွေ၊ စွမ်းဆောင်ရည်တွေက VP Dota 2 အသင်းနဲ့ ဝေးကွာနေတဲ့ အောင်မြင်မှုတွေကို ပြန်လည် သိမ်းပိုက်ရာမှာ အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်မိပါတယ်။”

CemaTheSlayer

Na’Vi Dota 2 အသင်းကတော့ ထွက်ခွာသွားတဲ့ Zayac နေရာမှာ ဝင်ရောက် ကစားပေးဖို့ အတွက် CemaTheSlayer ကို အစားထိုး ကစားသမား အဖြစ် ပြန်လည် ခေါ်ယူထားတယ်လို့ သိရပါတယ်။ လက်ရည်စစ်ပွဲ ယှဥ်ပြိုင်ရဖို့ နီးကပ်လာတဲ့ အချိန်မှ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ရတာကြောင့် CIS ဒေသရဲ့ အင်အားကြီး Dota 2 အသင်းတွေဖြစ်တဲ့ Na’Vi နဲ့ VP တို့ အနေနဲ့ လက်ရည်စစ်ပွဲတွေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသသွားနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

REF: OneEsports