Dota 2 အသင်းကို ဖျက်သိမ်းသွားဖွယ်ရှိတဲ့ Esports အဖွဲ့အစည်း Newbee

Newbee Dota 2 အသင်း အနေနဲ့ ယခင် အချိန်တွေတုန်းက Dota 2 လောကရဲ့ လူရိုသေရှင်ရိုသေ အသင်း တစ်သင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့်လည်း TI 7 ပြိုင်ပွဲကြီး ပြီးဆုံးသွားစဉ် အချိန်က စတင်ကာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက် ဆိုသလို ရင်ဆိုင်ခဲ့ရပါတယ်။

TI 4 Newbee Rosters

The International 2014 ပြိုင်ပွဲကြီးမှာ TI ချန်ပီယံဆု၊ The International 2017 ပြိုင်ပွဲမှာလည်း ဒုတိယဆုစတဲ့ TI အဆင့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေကို သိမ်းပိုက်နိုင်ခဲ့သလို အခြားသော ပြိုင်ပွဲ‌တွေမှာလည်း အောင်မြင်မှုတွေ‌ များစွာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် 2018 DPC ရာသီက စတင်ကာ Newbee Dota 2 အသင်း အနေနဲ့ ဆိုးရွားတဲ့ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

TI 7 Newbee Roster

ဒါကြောင့် နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ Sccc, Kpii, KAKA စတဲ့ ပရိုဖက်ရှင်နယ် Dota 2 ကစားသမားတွေ အနေနဲ့ Newbee Dota 2 အသင်းကို စွန့်ခွာသွားခဲ့ကြသလို အသစ်ထပ်မံ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ အနေနဲ့လည်း Newbee Dota 2 အသင်းရဲ့ ကစားဟန်နဲ့ ကိုက်ညီခြင်း မရှိတာကြောင့် အောင်မြင်မှုတွေနဲ့ ထပ်မံ ဝေးကွာခဲ့ရပါတယ်။

Newbee Dota 2 အသင်း အနေနဲ့ လက်ရှိအချိန်မှာ ပြည်တွင်းလိဂ် ပြိုင်ပွဲမှာသာ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး အသင်းငယ်တွေကို ရှုံးနိမ့်တဲ့ အထိ ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတာကြောင့် Newbee Esports အဖွဲ့အစည်း အနေနဲ့ လက်အောက်ခံ Dota 2 အသင်းကို ဖျက်သိမ်းပစ်ဖွယ် ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။

2019-2020 Newbee Roster

လက်ရှိအချိန်မှာ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်များအရ Newbee Esports အဖွဲ့အစည်း အနေနဲ့ လက်အောက်ခံ Dota 2 အသင်းမှ ကစားသမားတွေဖြစ်တဲ့ Fonte, Aq, Waixi, Faith, JiaJia, Catyou, Protoss စတဲ့ ကစားသမားတွေကို ကမ်းလှမ်းလာတဲ့ အသင်းတွေ ရှိခဲ့ပါက ရောင်းချသွားဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။

Newbee Dota 2 အသင်းရဲ့ ကစားသမားတွေကို ရောင်းချပြီး နောက်ပိုင်းမှာ အသင်းသစ်ကို ပြန်လည် ဖွဲ့စည်းသွားမလား ဒါမှမဟုတ် Dota 2 လောကကနေ အပြီးပိုင် ပျောက်ကွယ်သွားမလား ဆိုတာကိုတော့ သိရှိရခြင်း မရှိသေးပါဘူး။ တရုတ်နိုင်ငံ Dota 2 လောကရဲ့ နာမည်ကျော် ကစားသမား အများစု အနေနဲ့ လက်ရှိအချိန်မှာ သက်ဆိုင်ရာ အသင်းကိုယ်စီ ရှိနေကြပြီ ဖြစ်တာကြောင့် Newbee Dota 2 အသင်းကို 2019-2020 DPC ရာသီမှာ ပြန်လည် မြင်တွေ့ရမယ့် အခွင့်အရေးကတော့ တကယ်ကို နည်းပါးလို့ သွားခဲ့ပြီ ဖြစ်ပါတယ်။

REF: VpEsports